ဖန်ဆင်းရှင် နတ်ဘုရား (Divine Being) ကို ကိုးကွယ်တဲ့ ဘာသာဝင်တွေဟာ ဗုဒ္ဓဘာသာဝင်တွေ ကိုးကွယ်တဲ့ ဗုဒ္ဓဆိုတဲ့ လူသားဘုရားဆိုတာကို လက်ခံဖို့ တော်တော်လေး ခက်ကြတာ တွေ့ရတယ်။ လူသားဘုရားကို ကိုးကွယ်နေကြတာကိုလည်း ကောင်းကောင်း နားမလည်ကြဘူး။ ဘာ့ကြောင့်လဲဆိုတာ အဖြေရှာကြည့်တော့ လူသားတွေဟာ ပြီးပြည့်စုံသူတွေ မဟုတ်ဘူး၊ သူတို့ နတ်ဘုရားတွေကသာ အရာရာ ပြည့်စုံသူဖြစ်တယ်လို့ ယူဆကြလို့ ဖြစ်ပါတယ်။ သူတို့အကြောင်းပြတဲ့အထဲမှာ ခဏခဏ ကြားရတာက ဗုဒ္ဓဟာ သေသွားပြီ၊ မရှိတော့ဘူး။ သူတို့ဘုရားကသာ "အသက်ရှင်သောဘုရား" ဖြစ်တယ်လို့ ပြောဆိုတတ်ကြပါတယ်။
မရှိတော့တဲ့ဘုရားကို ဘာလို့ ကိုးကွယ်နေကြတာလဲလို့လည်း မေးခွန်းထုတ်တတ်ကြတယ်။ ပြီးတော့ အသက်ရှင်တယ်၊ ရှိနေတယ်ဆိုတဲ့ သူတို့ဖန်ဆင်းရှင်ဘုရားကို ကိုးကွယ်ဖို့ ဆွယ်တရားဟောကြတော့တာပဲ။
ပထမဆုံး မြတ်စွာဘုရားနဲ့ သူတို့ ဖန်ဆင်းရှင်ဘုရားကို အချက်သုံးချက်စီနဲ့ နှိုင်းယှည်ကြည့်ရအောင်။
(၁) မြတ်စွာဘုရားဟာ သမိုင်းမှာ အမှန်တကယ်ရှိခဲ့တဲ့ လူသားတစ်ယောက်ဖြစ်တယ်။ ဒါဟာ သမိုင်းအရ အငြင်းပွားစရာ မရှိတဲ့အချက်ပဲ ဖြစ်ပါတယ်။
(၂) မြတ်စွာဘုရားဟာ ခန္ဓာကိုယ်ကြီးရှိနေသေးတဲ့အတွက် ကာယိကဒုက္ခလို့ ဆိုတဲ့ ကိုယ်ဆင်းရဲမှုတွေ ရှိနေသေးတယ်။ ရာသီဥတုကြောင့် အအေးဒဏ်၊ အပူဒဏ် ခံရတယ်။ ဆွမ်းမစားရရင် ဗိုက်စာတယ်။ အိုခြင်း၊ နာခြင်း၊ သေခြင်းဆိုတဲ့ ခန္ဓာကိုယ်ရဲ့ သဘာဝကို မလွန်ဆန်နိုင်ဘူး။ သုတ္တန်တွေမှာ မြတ်စွာဘုရား ခါးနားတဲ့အကြောင်း၊ ဝမ်းချုပ်တဲ့အကြောင်း၊ ဝမ်းသွားတဲ့အကြောင်းတွေကို ပွင့်ပွင့်လင်းလင်း မှတ်တမ်းတင်ထားတယ်။ လူသားဖြစ်တဲ့အတွက် ကိုယ်ကာယအားဖြင့် အားနည်းချက်တွေ ရှိတယ်ဆိုတာ အမှန်တရားပဲလေ။
(၃) မြတ်စွာဘုရားရဲ့သန္တာန်မှာ လောဘ၊ ဒေါသ၊ မောဟ၊ အာဃာတ၊ မာန်မာနစတဲ့ စိတ်အညစ်အကြေးတွေ မရှိတဲ့အတွက် စိတ်ထားဖြူစင်မွန်မြတ်တယ်။ မေတ္တာကရုဏာတရား ကြီးမားပြီး စိတ်သဘောထား ပြည့်ဝတော်မူတယ်။ ပြောရရင် ဘာသာတရားတည်ထောင်သူအားလုံးထဲမှာ မြတ်စွာဘုရားဟာ စိတ်ထားအဖြူစင်ဆုံး၊ စိတ်သဘောထား အပြည့်ဝဆုံးသူ ဖြစ်တယ်ဆိုတာ မငြင်းနိုင်ဘူး။ မြတ်စွာဘုရားရဲ့ စိတ်နေစိတ်ထားကို သူဟောခဲ့တဲ့ တရားတော်တွေကို လေ့လာကြည့်ရင် ရှင်းရှင်းလင်းလင်း မြင်နိုင်ပါတယ်။
မြတ်စွာဘုရားဟာ ဘီစီ ၆၂၃ မှာ လူသားတစ်ယောက်အနေနဲ့ မွေးဖွားခဲ့တယ်။ ဘီစီ ၅၄၃ မှာ လူသားတစ်ယောက်အနေနဲ့ပဲ ဘဝတစ်ခုကို အဆုံးသတ်ခဲ့တယ်။ မြတ်စွာဘုရားရဲ့ မွေးဖွားခြင်းနဲ့ သေဆုံးခြင်းတွေကို ကြည့်ရင် လူသားတစ်ယောက်ရဲ့ ဘဝဖြစ်စဥ်အတိုင်းပဲ ရိုးရိုးရှင်းရှင်း တွေ့ရပါလိမ့်မယ်။
ဒါဆိုရင် လူသားဖြစ်တဲ့ မြတ်စွာဘုရားကို ဘာ့ကြောင့် ကိုးကွယ်နေကြတာလဲ၊ မြတ်စွာဘုရားရဲ့ ထူးခြားချက်က ဘာလဲလို့ မေးစရာ ရှိလာတယ်။
မြတ်စွာဘုရားဟာ သက်တော် (၃၅) နှစ်မှာ ဘုရားဖြစ်တော်မူခဲ့တယ်။ အဋ္ဌကထာဆရာတွေက မဟာဗောဓိပင်အောက်မှာ ဘုရားဖြစ်တော်မူခြင်းကို "ကိလေသာပရိနိဗ္ဗာန" လို့ သုံးခဲ့ပါတယ်။ ကိလေသာဆိုတဲ့ ပူပန်စရာတွေ၊ စိတ်အညစ်အကြေးတွေ ငြိမ်းသွားခြင်းလို့ အဓိပ္ပါယ်ရတယ်။ တစ်နည်းအားဖြင့် စေတသိကဒုက္ခလို့ဆိုတဲ့ စိတ်ဒုက္ခတွေ အကြွင်းမဲ့ ချုပ်ငြိမ်းသွားခြင်း ဖြစ်ပါတယ်။ ဘုရားဂုဏ်တော်ကိုးပါးထဲမှာ ပထမဆုံးဖြစ်တဲ့ "အရဟံ" ဂုဏ်တော်ဟာ ကိလေသာအပူ ကင်းဝေးတော်မူခြင်းဖြစ်ပါတယ်။ မြတ်ဘုရားသန္တာန်မှာ စိတ်ပုပ်စိတ်ယုတ်တွေ မရှိဘူး။ မြတ်စွာဘုရားဟောကြားခဲ့တဲ့ တရားတော်တစ်ခုခုကို ယူသုံးပြီး အကြမ်းဖတ်တာ၊ စစ်ပွဲတွေ ဖြစ်ပွားလာတာ မရှိဘူး။ ဒါ့ကြောင့်သာ လူသားဘုရားဖြစ်တဲ့ မြတ်စွာဘုရားကို ကိုးကွယ်နေကြခြင်း ဖြစ်ပါတယ်။
ဒါဆိုရင် ကမ္ဘာလောကကြီးနဲ့ သက်ရှိသက်မဲ့ အရာဝတ္ထုမှန်သမျှကို ဖန်ဆင်းခဲ့ပါတယ်ဆိုတဲ့ ဖန်ဆင်းရှင်ဘုရားကို ကြည့်ကြရအောင်။
(၁) ဖန်ဆင်းရှင်ဘုရားဆိုတာ သမိုင်းအရ တကယ် မရှိခဲ့ဘူး။ အသက်ရှင်သောဘုရားလို့ ပြောပေမဲ့ လက်ရှိမှာ သက်ရှိထင်ရှားရှိနေကြောင်း သက်သေလည်း မပြနိုင်ဘူး။ ခရစ်ယာန်သီလရှင်လူထွက် သမိုင်းဆရာမကြီး အမ်စရောင်းကတော့ "အစပိုင်းမှာ လူသားတွေက ဖန်ဆင်းရှင်ဘုရား (God) ကို ဖန်ဆင်းခဲ့တယ်။ ဘုရားရုပ်တု၊ ဘုရားကျောင်းနဲ့ ဓမ္မဆရာတွေလည်း မရှိခဲ့ဘူး" လို့ ပြောခဲ့တယ်။ (A History of God - p. 3)
(၂) ဖန်ဆင်းရှင်ဘုရားက အသက်ရှင်သော ဘုရားဖြစ်တယ်လို့ ဆိုတယ်။ သူတို့ပြောသလို မှန်ခဲ့ရင်တော့ အိုခြင်း၊နာခြင်း၊ သေခြင်းတွေ မရှိဘူး။ ကိုယ်ကာယအားဖြင့် အားနည်းချက်မရှိဘဲ အားလုံးပြည့်စုံတယ်ပေါ့။
(၃) သူတို့ကျမ်းစာအရဆိုရင် ဖန်ဆင်းရှင်ဆိုတဲ့ ဘုရားတွေဟာ ဒေါသအာဃာတကြီးကြတယ်။ သူမကြိုက်ရင် ကမ္ဘာကြီးကို ရေလွှမ်းစေပြီး လူတွေကို သတ်တယ်။ ငလျင်တွေလည်း လှုပ်စေတယ်။ ရန်သူတွေကို အမြစ်ပြတ် ချေမှုန်းဖို့ တိုက်တွန်းတယ်။ သူတစ်ဦးတည်းကိုပဲ ကိုးကွယ်ရမယ်ဆိုတဲ့ သံမဏိစည်းမျည်းကို ချမှတ်ထားပြီး ကျန်တဲ့ကိုးကွယ်ယုံကြည်မှုတွေကို အကုန်ဖျက်ဆီးခိုင်းတယ်။ ယုံကြည်သူ တိုးပွားဖို့အတွက်ဆိုရင် အနုနည်း၊ အကြမ်းနည်း အကုန်သုံးခိုင်းတယ်။ ဘာသာရေးစစ်ပွဲကြီးတွေဟာ ကျမ်းစာထဲက သွင်သင်ချက်တွေကြောင့် ဖြစ်တယ်ဆိုတာ ငြင်းမရဘူး။ ဒါဆိုရင် ကောက်ချက်ဆွဲလို့ ရပြီ။ ဖန်ဆင်းရှင်ဘုရားဟာ စိတ်ပုပ်တယ်၊ စိတ်ယုတ်တယ်၊ စိတ်ထား မဖြူစင်ဘူး။ ဒေါသအာဃာတ ကြီးတယ်။ သဘောထား သေးသိမ်တယ်။ လူသားအားလုံးကို သူ့ကိုပဲ ယုံကြည်စေချင်တဲ့ ဝိသမလောဘလည်း ကြီးတယ်။
နောက်ဆုံး အနှစ်ချုပ်ရရင် ဗုဒ္ဓဘာသာဝင်တွေဟာ လူသားဘုရားဖြစ်တဲ့ မြတ်စွာဘုရားကို စိတ်ထားမြင့်မြတ် ဖြူစင်လို့ ကိုးကွယ်ကြခြင်း ဖြစ်ပါတယ်။ သူကိုယ်တိုင် စိတ်ထားကောင်းသလို သူ့ကို ကိုးကွယ်ယုံကြည်သူတွေကိုလည်း စိတ်ထားကောင်းအောင် လမ်းညွှန်ပြသတော်မူခဲ့တယ်။ "မကောင်းမှု ရှောင်၊ ကောင်းမှု ဆောင်၊ ဖြူအောင် စိတ်ကိုထား" လို့ ဟောတော်မူခဲ့တယ်မို့လား။
မြတ်စွာဘုရားက သူပရိနိဗ္ဗာန်မစံခင်လေးမှာ "သူကွယ်လွန်တဲ့အခါ သူပညတ်ခဲ့တဲ့ ဝိနည်းနဲ့ ဟောကြားခဲ့တဲ့ ဓမ္မတွေဟာ သင်တို့ရဲ့ဆရာ ဖြစ်လိမ့်မယ်"လို့ မှာကြားခဲ့တယ်။ မြတ်စွာဘုရား မရှိတော့ပေမဲ့ သူဟောကြားခဲ့တဲ့ တရားတွေဟာ မြတ်စွာဘုရားကိုယ်စား ကိုးကွယ်ယုံကြည်၊ အားထားစရာအဖြစ် တည်ရှိနေဆဲ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင်တွေ မြတ်စွာဘုရားကို ကိုးကွယ်ကြတယ်ဆိုတာ ဒုက္ခကနေ လွတ်မြောက်ရာလမ်းကို ညွှန်ပြခဲ့သူအဖြစ် ကျေးဇူးတင်လို့ ဖြစ်ပါတယ်။ ကိုယ့်အပေါ် ကျေးဇူးများခဲ့တဲ့ ကိုယ့်မိဘတွေရဲ့ဓာတ်ပုံကို အမြတ်တနိုး ချိတ်ဆွဲပြီး ပူဇော်ကြသလို ကိုယ့်လွတ်မြောက်ရာလမ်းကို ညွှန်ပြခဲ့တဲ့ မြတ်စွာဘုရားကို ရုပ်တုတွေ ထုလုပ်ပြီး ပူဇော်ကြခြင်း ဖြစ်ပါတယ်။
In the beginning, human beings created a God who was the First Cause of all things and Ruler of heaven and earth.
He was not represented by images and had no temple or priests in his service.
A History of God
by Karen Armstrong - p. 3)