ပရိယတ္တိပညာရေးလို့ ဆိုတဲ့အခါ သံဃမဟာနာယကအဖွဲ့ရဲ့လမ်းညွှန်မှုနဲ့ သာသနာရေးဝန်ကြီးဌာနက ကျင်းပတဲ့ မူ၊ ငယ်၊ လတ်၊ ကြီး၊ ဓမ္မာစရိယ အတန်းတွေကိုသာ ဆိုလိုခြင်း ဖြစ်ပါတယ်။ မဟုတ်ရင် ပုဂ္ဂလိက အသင်းအဖွဲ့တွေက ကျင်းပနေတဲ့ အဘိဝံသစာမေးပွဲ၊ သာမဏေကျော်စာမေးပွဲ စတာတွေနဲ့ ရောမှာစိုးလို့ပါ။
လက်ရှိပရိယတ္တိပညာရေးစနစ်မှာ အားသာချက်တွေ ရှိပါတယ်။ ဆုံးခန်းတိုင်အောင် သွားနိုင်ရင် ဗုဒ္ဓစာပေတွေကို ဖတ်ရှု့ဖို့၊ လေ့လာဖို့ အခြေခံကောင်းကောင်း ခိုင်ခိုင်မာမာ ရသွားမှာပါ။ ပြဿနာက ဆုံးခန်းတိုင် ရောက်အောင်သွားနိုင်သူ အရေအတွက် နည်းခြင်းဖြစ်ပါတယ်။ လမ်းခုလက်မှာ လူထွက်သွားသူတွေ၊ ပညာရေးတစ်ပိုင်းတစနဲ့ သာသနာမှာ ဝေလေလေ ဖြစ်နေသူတွေကသာ များပါတယ်။ ပထမကြီးတန်းပြီးတဲ့အထိ ပါဠိတော်၊ အဋ္ဌကထာတွေနဲ့ ထိတွေ့မှု မရှိတာက အများကြီး စဥ်းစားစရာ ကောင်းပါတယ်။
အားနည်းချက်တွေကတော့ အတော်ကို များပါတယ်။ ဒါ့ကြောင့် ပြင်ဆင်ဖို့၊ ဖြည့်ဆွတ်ဖို့ လိုအပ်တယ်ဆိုတာကို သံဃာအများစုက လက်ခံထားကြတာ ကြာပါပြီ။ အထူးသဖြင့် တတ်သိနားလည်တဲ့ ပညာရှင်တွေက ထောက်ပြကြတာ၊ ဆွေးနွေးအကြံပြုကြတာတွေလည်း ရှိပါတယ်။ ခုချိန်ထိတော့ ပြင်ဆင်ဖို့ မလုပ်နိုင်ကြသေးပါဘူး။ ပြီးခဲ့တဲ့နှစ်က စိတ်မကောင်းစရာ သတင်းလေးတစ်ခု ဖတ်လိုက်ရတယ်။ ပရိယတ္တိပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲဖို့လိုကြောင်း တစိုက်မက်မက် လုပ်ဆောင်နေတဲ့ ဆရာတော်တစ်ပါးက လက်လျော့အရှုံးပေးတဲ့စာလေး ရေးတင်ခဲ့တာပါ။ ဖတ်ပြီး အတော် စိတ်မကောင်း ဖြစ်ရပါတယ်။
လက်ရှိသွားနေတဲ့ ပရိယတ္တိပညာရေးစနစ်အပေါ်မှာ စာချဆရာတော်တွေ၊ စာသင်သားတွေရဲ့ ယုံကြည်မှုက တော်တော်ကို အားနည်းနေတာ တွေ့ရပါတယ်။ ပုဂ္ဂလိကအသင်းတွေက ဦးစီးကျင်းပနေတဲ့ သာမဏေကျော်စာမေးပွဲစနစ်နဲ့သာ ကျားကန်မထားရင် မူ၊ ငယ်၊ လတ်၊ ကြီး ပရိယတ္တိပညာရေးရဲ့ အခြေအနေက ဒီထက် ပိုဆိုးမယ့်သဘော ရှိပါတယ်။ ခုနောက်ပိုင်းမှာ သာမဏေကျော်စာဝါတွေ ပို့ချမပေးနိုင်တဲ့ စာသင်တိုက်တွေဟာ စာသင်တိုက်အဖြစ် ဆက်လက်ရပ်တည်ဖို့တောင် အတော်ကို ခက်ခဲသွားပါပြီ။ စာသင်သားမရှိလို့ ရပ်နားသွားရတဲ့ စာသင်တိုက်တွေလည်း မနည်းတော့ဘူး။ ဆိုလိုတဲ့သဘောက မူ၊ငယ်၊လတ်၊ကြီး၊ ဓမ္မာစရိယဆိုတဲ့ ပရိယတ္တိပညာရေးစနစ်က ခေတ်ကာလအနေအထားအရ ပြုပြင်ပြောင်းလဲဖို့ လိုအပ်နေတာ အမှန်ပါ။
ပရိယတ္တိပညာရေးစနစ်ကို ပြောင်းလဲဖို့ လိုအပ်တယ်လို့ ပြောတဲ့အခါ စနစ်ရဲ့ အားနည်းချက်နဲ့ အားသာချက်တွေကို ရှင်းရှင်းလင်းလင်း သိဖို့ အဓိက စဥ်းစားသင့်ပါတယ်။ လက်ရှိပညာရေးစနစ်အရ (သာမဏေကျော်အတန်းသာ မတတ်ခဲ့ဘူးဆိုရင်) ဓမ္မာစရိယတန်းပြီးဖို့ မလွယ်လှပါဘူး။ ပြီးဖို့ အရမ်းခဲရင်းလို့ပဲ ဓမ္မာစရိယတန်းကို စာသင်သားသင်္ချိုင်းလို့တောင် တင်စားခဲ့ကြတာ ဖြစ်ပါတယ်။ ဓမ္မာစရိယဘွဲ့ ရပြီးရင်ကော တကယ် စာတတ်သွားပြီလား။ အဓိကကျတဲ့ ဘုရားဟောတရားတော်တွေကိုကော ရှင်းရှင်းလင်းလင်း နားလည်သွားပြီလား၊ ကျမ်းစာတွေကော ရေးသားနိုင်ပြီလား။ ဟောရေးပြောရေးနဲ့ သာသနာပြုလုပ်ငန်းတွေကော လုပ်နိုင်သွားပြီလား။ လားပေါင်းများစွာမေးပြီး သုံးသပ်ရမှာပါ။
လက်ရှိပညာရေးစနစ်မှာ ပါဠိသဒ္ဒါနဲ့ အဘိဓမ္မာကို အရေးပေးလွန်းပြီး ဘုရားဟောတရားတော်တွေထဲမှာ အရေးအကြီးဆုံးဖြစ်တဲ့ သုတ္တန်ပိဋကတ်ကို မေ့ထားကြတာ တကယ် အံ့ဩရပါတယ်။ ဓမ္မစက္ကပဝတ္တနသုတ်၊ မဟာသတိပဋ္ဌာနသုတ်၊ မဟာပရိနိဗ္ဗာနသုတ်၊ ခန္ဓသံယုတ်၊ သစ္စသံယုတ် စသဖြင့် အရေးကြီးတာတွေ မပါတာ တွေ့ရပါတယ်။ သုတ္တန်တွေမပါတော့ မြတ်စွာဘုရားနဲ့တွေ့ဖို့ အခွင့်အရေးနည်းသွားတယ်။ ဘုရားနဲ့ မတွေ့ရတော့ စာသင်သားတွေမှာ သဒ္ဓါတရားတွေ နည်းသွားကြတယ်။ သဒ္ဓါတရားအားနည်းတော့ လူထွက်သွားကြတယ်။
အင်္ဂလိပ်စာ၊ မြန်မာစာ၊ သမိုင်းစတဲ့ ပါသင့်ပါထိုက်တဲ့ ဘာသာရပ်တွေလည်း မပါဘူး။ ခေတ်စနစ်နဲ့အညီ လေ့လာသင်ယူသင့်တဲ့ သင်္ချာ၊ စိတ်ပညာ၊ ဒဿနိကဗေဒ၊ သုတေသနစတဲ့ အခြားဘာသာရပ်တွေလည်း မလေ့လာရတော့ ဘုန်းကြီးအများစုက ရှုထောင့်စုံကနေ ခြုံငုံသုံးသပ်နိုင်စွမ်း အားနည်းကြတာ တွေ့ရပါတယ်။ အဆိိုးဆုံးကတော့ အဘိဓာန်မှာပါတဲ့ ဂါထာပေါင်း တစ်ထောင်ကျော်ကို အာဂုံဆောင်ကျက်မှတ်ရခြင်းပါပဲ။ ဒီအကြောင်းတွေးမိလိုက်တိုင်း အသက်ရှုကြပ်သလို ခံစားရပါတယ်။ အဘိဓာန်ဆိုတာ လိုအပ်မှသာ လှန်လှောကြည့်ရတဲ့ အကိုးအကားစာလို့ မသိကြတော့ လူပင်ပန်းပြီး စိတ်ပါ နွမ်းကြရပါတယ်။
ပရိယတ္တိပညာရေးနဲ့ ပတ်သက်လို့ စာရေးဆရာ ကျော်နန္ဒအောင်က ပါချုပ်ဆရာတော်ကြီးကို အင်တာဗျူးခဲ့တာလေး ဖတ်လိုက်ရတယ်။ အိုင်တီခေတ်မှာ သံဃာတော်များ ပညာရေးကို ပြောင်းသင့်၊ မပြောင်းသင့်ဆိုတဲ့ ခေါင်းစဥ်နဲ့ မေးခဲ့ဖြေခဲ့ကြတာပါ။ အင်တာဗျူးထားတာကတော့ တော်တော်လေး ကြာပါပြီ။ AI ကို တွင်တွင်ကျယ်ကျယ် အသုံးချလာကြတဲ့ ခုလိုချိန်မှာ ပရိယတ္တိပညာရေးစနစ်နဲ့ ပတ်သက်ပြီး ဆရာတော်ကြီးရဲ့ အမြင်တွေ ပြောင်းလဲနေပြီလား မသိရသေးပါဘူး။
ပါချုပ်ဆရာတော်ကြီးကတော့ လက်ရှိပညာရေးစနစ်က ပြောင်းလဲဖို့ မလိုဘူးဆိုတဲ့ဘက်က ဖြေဆိုသွားခဲ့တယ်။ သူတို့လည်း ဒီပညာရေးနဲ့ပဲ ကြီးပြင်းလာခဲ့တာပဲလို့လည်း ပြောသွားတယ်။ ဟုတ်ပါတယ်။ ဆရာတော်ကြီးတို့လို ပါရမီရှင်ပုဂ္ဂိုလ်တွေကတော့ ချွင်းချက်ပါ။ ဆရာတော်ကြီး စာတတ်တာကလည်း သာမဏေကျော်စာမေးပွဲနဲ့ အဘိဝံသစာမေးပွဲတွေကြောင့်လို့ သုံးသပ်နိုင်ပါတယ်။ အများစု သံဃာထုကြီးက မူ၊ ငယ်၊ လတ်၊ ကြီး၊ ဓမ္မာစရိယတန်းတွေကိုသာ တက်ကြတော့ ဆရာတော်ကြီးနဲ့ မတူဘူးပေါ့။
ပညာရေးစနစ်တစ်ခုရဲ့ ရလဒ်တွေကို တွက်ချက်တဲ့အခါ စာတတ်မြောက်မှုရာခိုင်နှုန်းနဲ့ အကျိုးသက်ရောက်မှု ဘယ်လောက်ရှိသလဲဆိုတဲ့မူနဲ့ တွက်ချက်မှ နီးစပ်တဲ့အဖြေကို ရနိုင်မှာ ဖြစ်ပါတယ်။ အပေါ်က သုံးသပ်ခဲ့သလို စာသင်သားအများစုက ဓမ္မာစရိယတန်းမှာ တဖုန်းဖုန်းကျနေကြသလို လူထွက်နှုန်းကလည်း အတော်ကို များတာ တွေ့ရမှာပါ။ မိဘတစ်ဦးအနေနဲ့ ကိုယ့်သားကိုယ့်သမီးကို ဒီပညာရေးစနစ်နဲ့ တစ်သက်လုံး ဖြတ်သန်းစေဖို့ ယုံကြည်မှုကော ရှိပါ့မလား။ ဒါက မေးစရာတောင်မလိုတဲ့ အများသိပြီးသားကိစ္စ ဖြစ်ပါတယ်။ အညာက ရွာတွေမှာ ကိုရင်တွေ မရှိတော့တာ ကြာလှပါပြီ။ ဒါတွေကို ကြည့်ခြင်းအားဖြင့် ပရိယတ္တိပညာရေးစနစ်မှာ အားနည်းချက်တွေ ရှိနေတာ အတော် ထင်ရှားပါတယ်။
ပါချုပ်ဆရာတော်ကြီးက အင်္ဂလိပ်စာကို သင်ရိုးမှာ ထည့်သင်တာကိုလည်း သဘောမကျတဲ့အကြောင်း ဆွေးနွေးသွားတယ်။ အင်္ဂလိပ်စာသင်တဲ့အတွက် ပိဋကတ်စာပေဘက်မှာ အားနည်းသွားနိုင်ကြောင်း အကြောင်းပြပါတယ်။ ပါချုပ်ဆရာတော်ကြီး ခုလို အောင်မြင်သွားတဲ့အကြောင်းတွေထဲမှာ ပိဋကတ်စာပေ တတ်ကျွမ်းမှုနဲ့ ပညာရှင်တွေ အင်္ဂလိပ်လို ရေးသားထားတဲ့ ဗုဒ္ဓစာပေတွေကို ဖတ်ရှုပြီး ခွဲခြမ်းစိတ်ဖြာ ဝေဖန်နိုင်မှုတို့က အရေးပါမယ် ထင်ပါတယ်။ ဒီသဘောကို ဆရာတော်ကြီးဟောတဲ့ တရားတွေမှာ တွေ့နိုင်ပါတယ်။
ဆရာတော်ကြီးက အဲ့ဒီအင်တာဗျူးမှာပဲ သူ့အနေနဲ့ အင်္ဂလိပ်စာကို သင်လိုက်တဲ့အတွက် ပါဠိဘာသာကို ပိုပြီးနားလည်သွားကြောင်း ပြောဆိုခဲ့တာ တွေ့ရတယ်။ ဒီသဘောကို မိမိတို့ အင်္ဂလိပ်စာ စသင်တုန်းကလည်း သတိထားမိခဲ့ပါတယ်။ ဘာသာစကားတွေက တစ်ခုနဲ့တစ်ခု ချိတ်ဆက်နေကြတယ်။ ဘာသာစကားတစ်ခုကို တတ်သွားရင် အခြားဘာသာစကားတစ်ခုကို သင်တဲ့အခါ အထောက်အကူ အများကြီးပြုပါတယ်။ ဘာသာစကားနဲ့ ပတ်သက်ပြီး ပြောရရင် ဘုန်းကြီးအများစုက မြန်မာစာညံ့ကြပါတယ်။ ပြဌာန်းကျမ်းစာထဲမှာ မြန်မာစာ မပါခြင်းရဲ့ အကျိုးဆက် ဖြစ်ပါတယ်။ မြန်မာစာ မကျွမ်းကျင်တော့ ပိဋကတ်ထဲက ကိုယ်လေ့လာထားတဲ့ ဘုရားဟော ဒေသနာတော်တွေကို မြန်မာစာနဲ့ ရှင်းရှင်းလင်းလင်း မရေးနိုင်ကြတော့ဘူး။
ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက နာမည်ကြီးအဆိုတော် ပိုပိုရဲ့ အင်တာဗျူးကြောင့် ဦးဇင်းလေးတချို့ လှုပ်လှုပ်ခပ်ခပ် ဖြစ်သွား သတိထားလိုက်မိတယ်။ ပိုပိုက ယဥ်ကျေးပြီး ဘုရားတရားကိုင်းရှိုင်းတဲ့သူနဲ့ ချစ်သူဖြစ်ချင်ကြောင်း ပြောတော့ သတင်းထောက်က "ဒါဆိုရင် ဘုန်းကြီးလူထွက်ဆိုရင်ကော ယူမလား" လို့ ထောက်မေးလိုက်တယ်။ "ဘုန်းကြီးလူထွက်ဆိုရင် မဖြစ်နိုင်ဘူး၊ ဘာ့ကြောင့်လဲဆိုတော့ ဘုန်းကြီးလူထွက်က အလုပ်မလုပ်တတ်ဘူး" ဆိုပြီး ဖြေလိုက်ပါတယ်။ ဒါကို နားထောင်ပြီး သံဃာငယ်တွေက ကွန်မန့်တွေမှာ မခံချင်စိတ်နဲ့ တုန့်ပြန်ကြတာပေါ့။ တချို့ဆိုရင် သူတို့ဝေါပေါ်မှာတောင် တင်ရေးကြတာ တွေ့လိုက်ရတယ်။ သူတို့ကို ထိခိုက်တယ်လို့ ထင်ကြပုံရပါတယ်။ ကိုယ်လည်း ခပ်ငယ်ငယ်က တခါကြုံခဲ့ဖူးတယ်။ ဒကာမတစ်ယောက်က ကိုယ့်ကို လူမထွက်နဲ့၊ လူထွက်ရင် ဘာမလုပ်တတ်၊ ညာမလုပ်တတ်နဲ့ ဆင်းရဲမယ်လို့ ပြောလို့ စိတ်ဆိုးခဲ့ဖူးတယ်။ ကိုယ့်ကို အထင်သေးလို့ ပြောတဲ့စကားလို့ ထင်လို့ပါ။
ခုတော့ အဆိုတော်ပိုပိုတို့ ပြောတာတွေကို နားထောင်ပြီး စိတ်မကောင်း ဖြစ်မိပေမဲ့ စိတ်တော့ မဆိုးတော့ပါဘူး။ သူတို့ပြောစကားက ယေဘုယျအားဖြင့်လည်း မှန်နေလို့ပါ။ ဘုန်းကြီးလူထွက် အများစုက လူထွက်သွားရင် ဘွဲ့ရပညာတတ် ဖြစ်မလာနိုင်ကြဘဲ ဘဝကို ခက်ခက်ခဲခဲ ကျော်ဖြတ်နေကြရသူတွေ ဖြစ်သွားပါတယ်။ ဘုန်းကြီးဘဝက ရခဲ့တဲ့ဘွဲ့ကလည်း လူထွက်သွားရင် သုံးစားလို့ မရတော့ဘူး။ သာသနာဝန်ကြီးဌာနမှာ အောက်ခြေဝန်ထမ်းလုပ်ဖို့တောင် အာမခံချက်က ရှိမနေပါဘူး။ ဒီလိုဖြစ်ရတာဟာ ဘုန်းကြီးပညာရေးစနစ်ကြောင့်လို့သာ လက်ညှိုးထိုးချင်ပါတယ်။
ကောင်းမွန်တဲ့ ပရိယတ္တိပညာရေးစနစ်ဆိုတာ ပိဋကတ်စာပေတတ်ကျွမ်းရုံသာမက သာသနာတော်နဲ့ နိုင်ငံတော်ကို အကျိုးပြုနိုင်တဲ့ သံဃာတော်တွေကို မွေးထုတ်ပေးနိုင်ရပါမယ်။ လူထွက်သွားခဲ့ရင်တောင် ဒီပညာရေးစနစ်က သူ့တို့ရဲ့ဘဝရပ်တည်ရေးအတွက် ကြီးကြီးမားမား အထောက်အကူပြုနိုင်ရပါမယ်။ ဒီလိုဖြစ်အောင်လည်း လိုအပ်တဲ့ ဘာသာရပ်တွေကို ပြဌာန်းကျမ်းစာမှာ ထည့်သွင်းပြဌာန်းပေးရမှာ ဖြစ်ပါတယ်။ ပရိယတ္တိပညာရေးစနစ်သာ ကောင်းခဲ့မယ်ဆိုရင် မိဘတွေကိုယ်တိုင် သူတို့သားသမီးတွေကို သာသနာ့ဘောင်ကို ယုံယုံကြည်ကြည်နဲ့ ဝင်ခိုင်းကြပါလိမ့်မယ်။ သာသနာ့ကုန်ကြမ်း ကိုရင်လေးတွေ ရှားပါးတယ်ဆိုတဲ့ ငြီးညူသံတွေလည်း တိတ်ဆိတ်သွားပါလိမ့်မယ်။
မှတ်ချက်။ ။ ပါချုပ်ဆရာတော်ကြီးဆိုတာ မိမိတို့ အမှန်တကယ် လေးစားကြည်ညိူ အားကျရတဲ့ ဆရာတော်ကြီး ဖြစ်ပါတယ်။ ဆရာတော်ကြီး လက်ရှိသွားနေတဲ့ သုတဓမ္မစာမေးပွဲပုံစံကို သဘောကျပါတယ်။ လူတွေအတွက် လိုအပ်နေတဲ့ ကွက်လပ်တစ်ခုကို ဖြည့်ဆည်းပေးနိုင်လို့ပါ။ အထူးသဖြင့် ဆရာတော်ကြီးရဲ့ ဟောတရားတွေက ဘုရားဟောသုတ္တန်တွေကို အဓိကအခြေခံထားတာ ဖြစ်လို့ အကျိုးများပါတယ်။ ကိုယ့်တပည့်တွေကိုလည်း ဒီစာမေးပွဲကို ဝင်ဖြေဖို့ မကြာမကြာ တိုက်တွန်းဖြစ်ပါတယ်။ ဒါပေမဲ့ ဆရာတော်ကြီးရဲ့ ပရိယတ္တိပညာရေးအပေါ် ထားရှိတဲ့အမြင်ကတော့ အငြင်းပွားစရာရှိတယ်ဆိုတာ ထောက်ပြရင်း ဒီစာကို ရေးရခြင်း ဖြစ်ပါတယ်။ ဆရာတော်ကြီးကို ပုပ်ခက်စော်ကားလိုတဲ့ ရည်ရွယ်ချက်မရှိကြောင်း သိစေချင်ပါတယ်။
အရှင်စက္ကပါလ
၁၁/၀၂/၂၀၂၅