Thursday, August 7, 2025

သမ္မာသတိနဲ့ မိစ္ဆာသတိ

မိစ္ဆာသတိ ရှိ၊ မရှိ
  • အဘိဓမ္မတ္ထသင်္ဂဟကျမ်း (သင်္ဂြိုဟ်) ကို ကိုးကားပြီး သတိဟာ တင့်တယ်ကောင်းမြတ်တဲ့ သောဘနစေတသိက်ဖြစ်လို့ သောဘနစိတ်တွေနဲ့ပဲ ယှည်တယ်၊ အကုသိုလ်စိတ်တွေနဲ့ မယှည်ဘူး။ ဒါ့ကြောင့် မိစ္ဆာသတိဆိုတာ မရှိဘူးလို့ ဆိုကြပါတယ်။ သင်္ဂြိုဟ်ကလည်း ဓမ္မသင်္ဂဏီကျမ်းကို အခြေပြုပြီး ဖွင့်ဆိုခြင်း ဖြစ်မယ် ထင်ပါတယ်။ ဓမ္မသင်္ဂဏီ (အဘိ၊၁၊၉၀) မှာ အကုသိုလ် လောဘမူစိတ် (၈) ပါးကို ပြဆိုတဲ့အခါ လောဘမူစိတ်မှာ မိစ္ဆာဒိဋ္ဌိ၊ မိစ္ဆာသင်္ကပ္ပ၊ မိစ္ဆာဝါယာမနဲ့ မိစ္ဆာသမာဓိတို့ ယှည်ပေမဲ့ မိစ္ဆာသတိ မပါတာ တွေ့ရပါတယ်။
  • အဋ္ဌကထာတို့အလိုအရ မိစ္ဆာအယူရှိသူတို့ရဲ့ မိမိတို့ဆိုင်ရာ ဘုရားတရားတို့ကို အောက်မေ့မှု၊ သတ္တဝါတို့ရဲ့ လောဘအာရုံ၊ ဒေါသအာရုံတို့ကို အမှတ်ရနေမှုများဟာ သတိအစစ်မဟုတ်ဘူး၊ “မိစ္ဆာသတိ” သို့မဟုတ် "သတိအတု" လို့ဆိုနိုင်တဲ့ သညာပြဌာန်းတဲ့ အကုသိုလ်စိတ္တုပ္ပါဒ်သာ ဖြစ်တယ်လို့ ဆိုပါတယ်။
  • အမှန်တကယ်ကတော့ သုတ္တံပေါင်းများစွာမှာ သမ္မာသတိရှိသလို "မိစ္ဆာသတိ" လည်း ရှိကြောင်း မြတ်စွာဘုရားကိုယ်တိုင် ဟောကြားခဲ့ပါတယ်။ အထူးသဖြင့် မဂ္ဂသံယုတ်ရဲ့ ပထမဆုံးသုတ်ဖြစ်တဲ့ အဝိဇ္ဇာသုတ် (သံ၊၃၊၁) မှာ အဝိဇ္ဇာဟာ ဖြစ်ပေါ်လာသမျှ အကုသိုလ်တွေရဲ့ ရှေ့သွားခေါင်းဆောင်ဖြစ်ကြောင်း၊ သူနဲ့အတူ အကုသိုလ်လုပ်ရမှာ မရှက်တတ်၊ မကြောက်တတ်တဲ့ အဟိရိက၊ အနောတ္တပ္ပတို့ အတူပါလာကြကြောင်း၊ အဝိဇ္ဇာကို အခြေခံပြီးတော့ မိစ္ဆာဒိဋ္ဌိစတဲ့ မိစ္ဆာမဂ္ဂင်ရှစ်ပါး ဖြစ်လာကြကြောင်း ဟောတော်မူခဲ့ပါတယ်။ မိစ္ဆာမဂ္ဂင်ရှစ်ပါးထဲမှာ မိစ္ဆာသတိ ပါပါတယ်။
  • အဝိဇ္ဇာသုတ်မှာပဲ ဝိဇ္ဇာဆိုတဲ့ ပညာဟာ ဟိရိ၊ ဩတ္တပ္ပတို့နဲ့အတူ ဖြစ်ပေါ်လာသမျှ ကုသိုလ်တရားတွေရဲ့ ရှေ့သွားခေါင်းဆောင်ဖြစ်ကြောင်း၊ ဝိဇ္ဇာရဲ့နောက်မှာ သမ္မာဒိဋ္ဌိစတဲ့ သမ္မာမဂ္ဂင်ရှစ်ပါး ဖြစ်လာကြကြောင်း ဟောကြားထားပါတယ်။ ဒီသဘောတရားကို မဟာစတ္တာရီသကသုတ် (မ၊၃၊၁၁၆)၊ တိကိစ္ဆကသုတ် (အံ၊၃၊၄၃၃)၊ ဝိဇ္ဇာသုတ် (အံ၊၃၊၄၂၉) စတဲ့ အခြားသုတ္တံတွေမှာလည်း တွေ့နိုင်ပါတယ်။ ပိုပြီး မှတ်သားစရာ ကောင်းတာက ဝိဘင်းကျမ်း (အဘိ၊၂၊၄၀၁) မှာလည်း မိစ္ဆာသတိရှိကြောင်း ဖော်ပြထားတာပါ။
  • ဒီသုတ္တံတွေ၊ အဘိဓမ္မာကျမ်းတွေကို ကြည့်မယ်ဆိုရင် အကုသိုလ်စိတ်နဲ့ ယှည်တဲ့ "မိစ္ဆာသတိ" ဆိုတာလည်း ရှိနိုင်ကြောင်း မှတ်သားနိုင်ပါတယ်။
------------------------------

ဘာဝနာ (Meditation) အကြောင်း ပြောတိုင်းပြောတိုင်း အောက်က နည်းသုံးနည်းကို အဓိကအခြေခံပြီး ရှင်းပြဖြစ်ပါတယ်။

၁။ သတိ (Mindfulness) တိုးပွားလာအောင် ပွားများအားထုတ်ခြင်းဟာ ဘာဝနာဖြစ်တယ်။ (မဟာသတိပဋ္ဌာနသုတ် (ဒီ၊၂၊၂၃၁) ကို ကိုးကားပါတယ်။ ဒါက ဘာဝနာအကြောင်းကို လူတိုင်းနားလည်အောင် ရှင်းပြဖို့ အလွယ်ကူဆုံးနည်းလို့ ယူဆပါတယ်။)

၂။ မဂ္ဂင်ရှစ်ပါး (The Noble Eightfold Path) တိုးပွားလာအောင်  ပွားများအားထုတ်ခြင်းဟာ ဘာဝနာ ဖြစ်ပါတယ်။ (ဓမ္မစက္ကပဝတ္တနသုတ် (သံ၊၃၊၃၆၈) ကို ကိုးကားပါတယ်။ ဒီနည်းဟာ ဘာဝနာအကြောင်း နားလည်အောင် ရှင်းပြဖို့ အပြည့်စုံဆုံးနည်း ဖြစ်မယ်လို့ ထင်တယ်။)

၃။ သမထ (Serenity) နဲ့ ဝိပဿနာ (Insight) တိုးပွားလာအောင် ပွားများအားထုတ်ခြင်းဟာ ဘာဝနာဖြစ်တယ်။ (ဝိဇ္ဇာဘာဂိယသုတ် (အံ၊၁၊၆၂) ကို အဓိက ကိုးကားပြီး ပြောဖြစ်တယ်။ ဒီနည်းက လူသိများ ထင်ရှားတဲ့နည်းဖြစ်တယ်။ ဘာဝနာအကြောင်း ပြောတိုင်း ပါကိုပါရမယ့်နည်းလည်း ဖြစ်ပါတယ်။)

ဘာဝနာအကြောင်း အသေးစိတ်သင်ကြားဖြစ်တဲ့ သုတ္တန်သင်တန်းမှာဆိုရင် မဂ္ဂင်ရှစ်ပါးဆိုတဲ့ နံပါတ် (၂) နည်းကို အခြေခံပြီး ရှင်းပြဖြစ်တယ်။ လက်တွေ့တရားဘာဝနာ အားထုတ်ရတဲ့ Meditation Class တွေမှာဆိုရင်တော့ သတိကို အခြေခံတဲ့ နံပါတ် (၁) နည်းကို အဓိကသုံးပြီး ရှင်းပြပါတယ်။ ဘာပဲလုပ်လုပ် သတိ (Mindfulness) လေးကပ်ပြီး လုပ်ရင် ဘာဝနာ (Meditation) ဖြစ်တဲ့အကြောင်း၊ ထိုင်နေတဲ့အချိန်တင်မကဘဲ ကိုယ့်ရဲ့နေ့စဥ်ဘဝ လုပ်ငန်းတွေမှာပါ သတိလေးနဲ့ သွားလာနေထိုင်စားသောက်ခြင်းဟာ တရားထိုင်ခြင်းဖြစ်ကြောင်း ရှင်းပြဖြစ်တယ်။

ပြီးခဲ့တဲ့အပတ် Meditation Class မှာ ကျောင်းသားတစ်ယောက်က လူတိုင်းသိသင့်တဲ့ မေးခွန်းလေးတစ်ခု မေးလာတယ်။ တီဗွီကြည့်နေတဲ့အချိန်၊ သီချင်းနားထောင်နေတဲ့အချိန်၊ ဂိမ်းဆော့နေတဲ့အချိန်တွေမှာ အာရုံကို စူးစိုက်ပြီး သတိကပ်နေတယ်။ ဒီလို သတိရှိနေခြင်းမျိုးကိုလည်း သတိ (Mindfulness) လို့ ပြောလို့ ရမလားတဲ့။ သူရဲ့အမေးကို ဖြေဖို့ သတိကို သမ္မာသတိနဲ့ မိစ္ဆာသတိဆိုပြီး နှစ်မျိုးခွဲလိုက်တယ်။

သမ္မာသတိဆိုတာ မှန်ကန်တဲ့သတိလို့ အဓိပ္ပါယ်ရတယ်။ အမှန်ကို အမှန်အတိုင်းသိတဲ့ ဝိဇ္ဇာဆိုတဲ့ ပညာကို အခြေခံတယ်။ ဝိဇ္ဇာရှိရင် အမြင်မှန်ကန်မှုဆိုတဲ့ သမ္မာဒိဋ္ဌိ၊ နှလုံးသွင်း မှန်ကန်မှုဆိုတဲ့ သမ္မာသင်္ကပ္ပတို့ ပေါ်လာမယ်။ ဝိဇ္ဇာ၊ သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ သုံးမျိုးကို အခြေခံပြီး ပေါ်လာတဲ့ သတိဟာ သမ္မာသတိ ဖြစ်ပါတယ်။ 

ဝိဇ္ဇာနဲ့ သမ္မာဒိဋ္ဌိရှိနေရင် မောဟ ကင်းနေပြီး အမောဟ (သို့မဟုတ်) ပညာ ရှိနေတယ်လို့ နားလည်ရမယ်။ 

သမ္မာသင်္ကပ္ပသုံးမျိုးထဲမှာ ကာမဂုဏ်အာရုံတွေကနေ ထွက်မြောက်မှုဆိုတဲ့ နေက္ခမ္မက လောဘမရှိခြင်းကို ပြပါတယ်။ သူတစ်ပါးကို ပျက်စီးစေလိုတဲ့စိတ် မရှိခြင်းဆိုတဲ့ အဗျာပါဒက ဒေါသကင်းနေခြင်းသဘော အဒေါသ (သို့မဟုတ်) မေတ္တာ ဖြစ်ပါတယ်။ သတ္တဝါတို့ကို မငြင်းဆဲခြင်းဆိုတဲ့ အဝိဟိံသက ဒေါသကင်းနေခြင်းသဘော အဒေါသ (သို့မဟုတ်) ကရုဏာ ဖြစ်ပါတယ်။

အများနားလည်လွယ်အောင် အနှစ်ချုပ်မယ်ဆိုရင် အမောဟ၊ အလောဘ၊ အဒေါသကို အခြေခံပြီး ပေါ်လာတဲ့ သတိဟာ သမ္မာသတိ ဖြစ်ပါတယ်။ 

အာရုံရဲ့ သဘောအမှန်ကို မသိမှု အဝိဇ္ဇာက မှားယွင်းတဲ့အမြင် (မိစ္ဆာဒိဋ္ဌိ) ကို ဖြစ်စေတယ်။ မိစ္ဆာဒိဋ္ဌိကြောင့် မှားယွင်းတဲ့ နှလုံးသွင်းမှု၊ ကြံစည်စဥ်းစားမှု (မိစ္ဆာသင်္ကပ္ပ) ဖြစ်လာတယ်။ အဝိဇ္ဇာနဲ့ မိစ္ဆာဒိဋ္ဌိအရ မောဟကိုယူပြီး မိစ္ဆာသင်္ကပ္ပအရ လောဘနဲ့ ဒေါသ ယူရမှာပါ။ ဒါ့ကြောင့် မောဟ၊ လောဘ၊ ဒေါသတို့ကို အခြေခံပြီး ပေါ်လာတဲ့ သတိဟာ မိစ္ဆာသတိ ဖြစ်ပါတယ်။ 

ဗွီဒီယိုကြည့်နေတဲ့အချိန်၊ သီချင်းနားထောင်နေတဲ့အချိန်မှာ လောဘတွေ ဖြစ်နေနိုင်တယ်။ ဂိမ်းဆော့နေတဲ့အချိန်မှာ ဒေါသတွေ ဖြစ်နေနိုင်တယ်။ လောဘ၊ ဒေါသတွေရဲ့ ရှေ့မှာ အဝိဇ္ဇာလို့ခေါ်တဲ့ မောဟ ရှိနေပါတယ်။ အဲ့လိုအချိန်မှာ အာရုံစူးစိုက်မှု ကောင်းကောင်းနဲ့ သတိတွေ အများအပြား ဖြစ်နေကြပါတယ်။ အဲ့ဒီသတိတွေက မောဟ၊ လောဘ၊ ဒေါသကို အခြေခံလို့ မိစ္ဆာသတိ ဖြစ်ပါတယ်။

ဒါကတော့ အဝိဇ္ဇာသုတ် (သံ၊၃၊၁) ကို အခြေခံပြီး အနှစ်ချုပ်ရေးသားခြင်း ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် မဂ္ဂင်ရှစ်ပါးကို အခြေခံပြီး ရှင်းလင်းခြင်း ဖြစ်ပါတယ်။

-----------------------


အခြေခံတရားထိုင်နည်းသင်တန်းမှာ ကျောင်းသားတစ်ယောက်က စိတ်ဝင်စားစရာ မေးခွန်းလေးတစ်ခု မေးလာတယ်။ Secular Meditation နဲ့ Buddhist Meditation ဘာကွာပါသလဲတဲ့။ ဒီနှစ်ခုရဲ့ ကွဲပြားချက်ကို မပြောခင် Secular Meditation အကြောင်း နည်းနည်း ရှင်းဖို့ လိုပါလိမ့်မယ်။ Secular Meditation ဆိုတာ ဘာသာရေးကို အခြေမခံတဲ့ တရားထိုင်နည်း ဖြစ်ပါတယ်။ အဓိကရည်ရွယ်ချက်က စိတ်ဖိအားတွေ လျော့ချဖို့၊ အာရုံစူးစိုက်မှုအားကောင်းဖို့၊ စိတ်ခံစားချက်တွေကို ထိန်းညှိနိုင်ဖို့နဲ့ ကိုယ်ကျန်းမာပြီး စိတ်ချမ်းသာဖို့ ဖြစ်ပါတယ်။ 

Buddhist Meditation နဲ့ Secular Meditation တို့ရဲ့ ထူးခြားချက်ကို မဟာသတိပဋ္ဌာနသုတ် (ဒီ၊၁၊၂၃၁) မှာ မြတ်စွာဘုရားဟောကြားခဲ့တဲ့ အချက် (၄) ချက်နဲ့ ရှင်းပြဖြစ်တယ်။ တရားအားထုတ်နေတဲ့ အချိန်မှာ အောက်က အချက် (၄) နဲ့ ပြည့်စုံနေဖို့ လိုပါတယ်။

(၁) အာတာပီ = ကြိုးကြိုးစားစား အားထုတ်ခြင်း

(၂) သမ္ပဇာနော = အာရုံကို ကောင်းကောင်း သိနေခြင်း

(၃) သတိမာ = သတိကပ်နေခြင်း

(၄) ဝိနေယျ လောကေ အဘိဇ္စျာဒေါမနဿံ = လောကလို့ဆိုတဲ့ ဥပါဒါနက္ခန္ဓာငါးပါးမှာ အဘိဇ္စျာဆိုတဲ့ လောဘ၊ ဒေါမနဿဆိုတဲ့ ဒေါသတို့ကို ပယ်ထားနိုင်ခြင်း။ တစ်နည်းအားဖြင့် တရားအားထုတ်နေဆဲ အခိုက်အတန့်မှာ အလောဘ၊ အဒေါသဆိုတဲ့ ဖြူစင်တဲ့စိတ်တွေ ဖြစ်ပေါ်နေခြင်း

အထက်က (၄) ချက်မှာ လေးချက်လုံး ပြည့်စုံမှသာ သမ္မာသတိ (သို့မဟုတ်) Buddhist Meditation ဖြစ်နိုင်ပါမယ်။ တရားအားထုတ်နေသူတစ်ဦးအနေနဲ့ မိမိအားထုတ်နေတဲ့ နည်းစနစ်က မှန်ကန်မှု ရှိ၊ မရှိဆိုတာကိုလည်း မဟာသတိပဋ္ဌာနသုတ်မှာ ဟောကြားခဲ့တဲ့ ဒီအချက်ကလေးတွေနဲ့ တိုင်းတာစစ်ဆေးနိုင်ပါတယ်။ Secular Meditation တွေမှာတော့ (၄) ချက်လုံး ပြည့်စုံတာလည်း ရှိမယ်။ ဒါပေမဲ့ နောက်ဆုံးအချက်ဖြစ်တဲ့ လောဘ၊ ဒေါသတွေ ပယ်ဖို့က သူတို့ရဲ့ အဓိကဦးတည်ချက် ဟုတ်ချင်မှ ဟုတ်ပါလိမ့်မယ်။ တချို့သင်ကြားချက်တွေမှာဆိုရင် အတ္တအယူကို အားပေးတဲ့သဘောတွေပါလို့ Buddhist Meditation နဲ့ ပြဒါးတစ်လမ်းသံတစ်လမ်း ဖြစ်နေတတ်ပါတယ်။

အချုပ်ကတော့ လောဘ၊ ဒေါသ၊ မောဟတွေကို အခြေခံပြီး ဖြစ်နေတဲ့ မိစ္ဆာသတိဟာ Buddhist Meditation မဟုတ်ဘူးဆိုတာပါပဲ။ ဗုဒ္ဓသာသနာမှာ တရားအားထုတ်တဲ့အခါ အသုံးပြုတဲ့ ကမ္မဋ္ဌာန်းအာရုံတွေကို သတိထားကြည့်ရင် လောဘ၊ ဒေါသ၊ မောဟတွေ တိုးပွားဖို့ လောင်စာဖြစ်စေတဲ့ အာရုံတွေ မဟုတ်တာ သတိထားမိကြမှာပါ။ တရားအားထုတ်တဲ့သူဟာ လောဘ၊ ဒေါသ၊ မောဟတွေ တိုးပွားစေနိုင်တဲ့ အာရုံတွေနဲ့ ဝေးဝေးနေရပါတယ်။ ဒါမှသာ မိစ္ဆာသတိကို ရှောင်ရှားရင်း သမ္မာသတိကို တိုးပွားအောင် အားထုတ်နိုင်မှာ ဖြစ်ပါတယ်။ 

--------------------



ဆက်လက်လေ့လာဖို့
  1. မဟာသတိပဋ္ဌာနသုတ် (ဒီ၊၂၊၂၃၁)
  2. အဝိဇ္ဇာသုတ်၊ မဂ္ဂသံယုတ် (သံ၊၃၊၁)
  3. မဟာစတ္တာရီသကသုတ် (မ၊၃၊၁၁၆)
  4. ဝိဇ္ဇသုတ် (အံ၊၃၊၄၂၉)
  5. ဓမ္မသင်္ဂဏီပါဠိတော် (အဘိ၊၁၊၉၀)
  6. ဝိဘင်္ဂပါဠိတော် (အဘိ၊၂၊၄၀၁)
  7. မူလပဏ္ဏာသအဋ္ဌကထာ (မ၊ဋ္ဌ၊၁၊၁၉၂)
  8. သင်္ဂြိုဟ်ဘာသာဋီကာ (၂၀၀၄၊ နှာ - ၁၃၇)

မိစ္ဆာသတိဆိုတာ
  • တရားဘာဝနာ ပွားများတယ်ဆိုတာ သတိတိုးပွားလာအောင် လုပ်တာဖြစ်ကြောင်း ရှင်းပြတော့ ကျောင်းသားက မေးခွန်းထုတ်လာတယ်။ 
  • မိစ္ဆာသတိဆိုတာ မှားယွင်းသောသတိလို့ ဆိုရမှာပါ။ သမ္မာသတိရဲ့ ဆန့်ကျင့်ဘက်ပေါ့။ 
  • မိစ္ဆာသတီတိ သတိပဋိပက္ခဘူတော အကုသလစိတ္တုပ္ပါဒေါ။ (ပဋိသမ္ဘိဒါမဂ်အဋ္ဌကထာ (ပတွဲ) - ၁၁၁
  • မိစ္ဆာသင်္ကပ္ပါဒယော ဝိယ ဟိ မိစ္ဆာသတိ နာမ ပါဋိယေက္ကော ကောစိ ဓမ္မော နတ္ထိ, တဏှာသီသေန ဂဟိတာနံ စတုန္နမ္ပိ အကုသလက္ခန္ဓာနမေတံ အဓိဝစနန္တိ မဇ္ဈိမာဂမဋ္ဌကထာယမ္ပိ သလ္လေခသုတ္တဝဏ္ဏနာယံ (မ။ နိ။ အဋ္ဌ။ ၁။၈၃) ဝုတ္တံ။ (သီလက္ခန္ဓဝဂ္ဂအဘိနဝဋီကာ (၂) - ၄၈
  • မိစ္ဆာသတိ, ဧဝံ မိစ္ဆာဉာဏမ္ပိ ဒဋ္ဌဗ္ဗံ။ န ဟိ ဉာဏဿ ၁၁၃။ မိစ္ဆတ္တသမ္မတ္တဝသေနာတိ ဧတ္ထ မိစ္ဆာဘာဝေါ မိစ္ဆတ္တံ, တထာ သမ္မာဘာဝေါ သမ္မတ္တံ။ တထာ တထာ ပဝတ္တာ အကုသလက္ခန္ဓာဝ  မိစ္ဆာဘာဝေါ နာမ အတ္ထိ။ တသ္မာ မိစ္ဆာဉာဏိနောတိ မိစ္ဆာသညာဏာတိ အတ္ထော, အယောနိသော ပဝတ္တစိတ္တုပ္ပါဒါတိ  အဓိပ္ပါယော။ (နိဒါနဝဂ္ဂဋီကာ - ၁၄၅)

No comments:

Post a Comment