အလုပ်လုပ်ရတာ ပျော်ရဲ့လား
- တစ်ချို့က အလုပ်လုပ်ရင် ပင်ပန်းတယ်၊ အလုပ်မလုပ်ဘဲ နေလို့ ရရင် ကောင်းမှာပဲလို့ ထင်နေတတ်ကြပါတယ်။ ဒါက ပုံမှန်အနေအထားတော့ မဟုတ်ပါဘူး။ လူတိုင်း အလုပ် လုပ်ကြရမှာပါ။ ဒါမှသာ လူပီသတဲ့သူ၊ တာဝန်ကျေတဲ့သူ ဖြစ်မှာပါ။ ဘယ်နေရာမှာပဲ ရောက်နေရောက်နေ ကိုယ်က လူပိုကြီးတစ်ယောက် ဖြစ်နေရင် ပတ်ဝန်းကျင်ရဲ့ ကျင်ဖယ်မှုကို ခံရပြီး စိတ်မချမ်းမသာ ဖြစ်ဖို့ များပါတယ်။ စာရေးဆရာကြီးဦးအောင်သင်းကတော့ "လူရာဝင်ချင်ရင် ပတ်ဝန်းကျင်ကို အကျိုးပြုပါ" တဲ့။
- အလုပ်လုပ်ရတာ ခန္ဓာကိုယ် ပင်ပန်းတာ မှန်ပေမယ့် ကိုယ်လုပ်တဲ့ အလုပ်မှာ စိတ်ဝင်စားမှုရှိဖို့ အရေးကြီးပါတယ်။ စိတ်ဝင်စားတဲ့အလုပ်ကို ပြုလုပ်ရခြင်းက ပျော်ရွှင်မှုကို ဖြစ်စေပါတယ်။ ဒါကို ဗုဒ္ဓစာပေမှာတော့ ပီတိ (ကျေနပ်နှစ်သက်မှု) လို့ သုံးပါတယ်။ ပီတိကို အင်္ဂလိပ်လို 'Zest' သို့မဟုတ် 'Rapture' လို့ ဘာသာပြန်ကြတယ်။ 'Pleasurable interest' လို့ ဘာသာပြန်သူလည်း ရှိတယ်။ ဒီဘာသာပြန်ချက်လေးက စာလုံးရှည်ပေမယ့် အဓိပ္ပါယ်ပိုရှိတယ်။ ကိုယ်စိတ်ဝင်စားတဲ့ အလုပ်တစ်ခုကို လုပ်ရတော့မယ်ဆိုရင် စိတ်ဝင်စားမှုရှိသလို စိတ်လည်းချမ်းသာပါတယ်။ ဒါသည်ပင် ပီတိပါပဲ။
- တရားအားထုတ်တဲ့အခါမှာ ပီတိသဘောလေး ဝင်လာရင် ယောဂီအနေနဲ့ တရားအားမထုတ်ရ မနေနိုင်တော့ပါဘူး။ ဈာန်ရဖို့ အင်္ဂါရပ်တွေထဲမှာ ပီတိက အရေးပါတဲ့ ဈာန်အင်္ဂါတစ်ပါးအနေနဲ့ ပါဝင်ပါတယ်။ ထိုနည်းတူစွာပဲ ဘယ်အလုပ်မဆို ပီတိဖြစ်ဖို့ အရေးကြီးပါတယ်။ ဒါမှသာ ကိုယ့်အလုပ်မှာ ပျော်ရွှင်မှု ရှိမှာပါ။ ပီတိက လူကို ပေါ့ပါးသွက်လက်စေပါတယ်။ ဆရာ တွေဆိုရင် ပီးတိကိုစားပြီး အားရှိနေကြတာပဲမို့လား။
- ကိုယ့်အလုပ်ကို ကျေနပ်နှစ်သက်ဖို့ဆိုတာလည်း လွယ်တဲ့ကိစ္စတော့ မဟုတ်ပါဘူး။ အလုပ် မလုပ်ခင်ကတည်းက သေသေချာချာ တွက်ချက်စဉ်းစားပြီး ဆုံးဖြတ်ဖို့ လိုပါတယ်။ အလုပ်မလုပ်သေးတဲ့လူတွေအနေနဲ့ ကိုယ်ဘာလုပ်ချင်လဲ၊ ဘာဖြစ်ချင်လဲ အထူးအလေးထား စဉ်းစားဖို့ လိုအပ်ပါတယ်။ တက္ကသိုလ်တက်ဖို့ မေဂျာဘာသာရပ်ရွေးတဲ့အခါ ကိုယ်စိတ်ဝင်စားတဲ့ ဘာသာရပ်ကို ရွေးချယ်ခဲ့သူက ပိုပြီး သက်သာသလို ပျော်စရာလည်း ကောင်းပါတယ်။
- ကိုယ့်ရှေ့မှာ လူထွက်ချင်တယ်လို့ ပြောတဲ့ ဦးဇင်းတွေကို သေချာပြီးလား၊ သေချာရင် ထွက်တော့၊ သိပ်အချိန်မဆွဲနဲ့၊ လူ့ဘဝက တိုတိုလေးရယ်၊ ကိုယ်လုပ်ချင်တာ လုပ်ဖို့ အရေးကြီးတယ် (ကိုယ့်အလုပ်မှာ ပီတိဖြစ်ဖို့ အရေးကြီးတယ်) လို့ တိုက်တွန်းလေ့ရှိတယ်။ ဘုန်းကြီးဘဝမှာ မပျော်ဘဲ နေနေပြီး မဟုတ်တာတွေ လုပ်နေရင် သံသရာအတွက် နင့်နာသလို သာသနာကို အိုးမဲသုက်ရာလည်း ရောက်ပါတယ်။
- အလုပ်လုပ်နေတဲ့လူတွေအနေနဲ့တော့ ကိုယ့်အလုပ်မှာ ပျော်ပျော်ရွှင်ရွှင်၊ စိတ်ပါလက်ပါ လုပ်နိုင်ဖို့ ကြိုးစားအားထုတ်သင့်ပါတယ်။
- လက်ရှိ လုပ်နေတဲ့ အလုပ်မှာ မပျော်ဘူးသေချာရင် နောက်လုပ်မယ့် အလုပ်က ကိုယ်နှစ်သက်တာ၊ ကိုယ်စိတ်ဝင်စားတာ၊ ကိုယ်ပျော်မယ်လို့ ထင်တာ ဖြစ်ဖို့ အရေးကြီးပါတယ်။
- အခြေအနေအရ ကိုယ်စိတ်မဝင်စားတဲ့အလုပ်ကို လုပ်နေရသူတွေအနေနဲ့လည်း ကိုယ့်ရဲ့ အားလပ်ချိန်တွေမှာ ကိုယ်စိတ်ဝင်စားတဲ့ အလုပ်တစ်ခုခု လုပ်နေဖို့ အရေးကြီးပါတယ်။ အဲ့ဒီအလုပ်ကလည်း အပြစ်ကင်းဖို့တော့ လိုတာပေါ့။
No comments:
Post a Comment