စျာန်လို့ပြောတဲ့အခါ ရူပါဝစရစျာန်တွေကိုသာ ဆိုလိုခြင်းဖြစ်ကြောင်း ပထမဆုံး ပြောချင်ပါတယ်။ သုတ္တံတွေမှာ အရူပါဝစရစိတ်တွေကို စျာန်လို့ မသုံးဘဲ "အာယတန" (သို့မဟုတ်) "သမာပတ္တိ" လို့ပဲ သုံးပါတယ်။ ရူပါဝစရစျာန်လေးပါးရပြီးနောက်မှာ ရုပ်သညာတွေကို ကျော်လွန်ပြီး ရနိုင်တဲ့ တရားတွေ ဖြစ်ပါတယ်။ အရူပစိတ်တွေဟာ ကမ္မဋ္ဌာန်းလေးဆယ်မှာ အာရုပ္ပကမ္မဋ္ဌာန်းလေးပါအဖြစ် ပါဝင်နေတာလည်း သတိပြုနိုင်ပါတယ်။
သုတ္တံတွေမှာ စျာန်အကြောင်း ပြောတိုင်းပြောတိုင်း စျာန်လေးပါးပဲ တွေ့ရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် သမ္မာသမာဓိကို ဖွင့်ဆိုတိုင်း စျာန်းလေးပါးနဲ့ပဲ ဖွင့်ပြလေ့ရှိပါတယ်။ အဘိဓမ္မာမှာတော့ ရူပါဝစရစိတ်ကို ပြောတဲ့အခါ စျာန်လေးပါး (စတုက္ကနည်း) နဲ့ စျာန်ငါးပါး (ပဥ္စကနည်း) ဆိုပြီး နှစ်မျိုးလုံး ပြပါတယ်။ ဒါပေမယ့် လူအများစုက စျာန်လေးပါးဆိုရင် သုတ္တံနည်း၊ စျာန်ငါးပါးဆိုရင် အဘိဓမ္မာနည်းလို့ပဲ အလွယ်တကူ ခေါ်လိုက်ကြပါတယ်။ အဘိဓမ္မာမှာလာတဲ့ စျာန်ငါးပါးက သုတ္တံတွေမှာ မပါဘူးလို့လည်း ထင်သွားတတ်ကြပါတယ်။
စတုက္ကနည်းနဲ့ ပဥ္စကနည်း ဘာကွာလဲဆိုတာ အနည်းငယ် ပြောပါရစေ။ စတုက္ကနည်းမှာ ဒုတိယစျာန်က ဝိတက်၊ ဝိစာရ နှစ်ပါးလုံးကို ပယ်လိုက်တယ်။ ပဥ္စကနည်း ဒုတိယစျာန်မှာတော့ ဝိတက်ကိုပဲ ပယ်ပြီး ဝိစာရ ကျန်နေသေးတယ်။ တတိယစျာန်ရောက်မှသာ ဝိစာရပါ ပယ်နိုင်သွားတယ်။ အကြမ်းဖျင်းအားဖြင့် စတုက္ကနည်းက ဒုတိယစျာန်က ပဥ္စကနည်းမှာ ဒုတိယစျာန်နဲ့ တတိယစျာန်ဆိုပြီး နှစ်ခုကွဲသွားတယ်လို့ ပြောလို့ ရပါတယ်။
အဘိဓမ္မာမှာ စျာန်ငါးပါးခွဲလိုက်တာ စိတ်ဝင်စားစရာပါ။ အဘိဓမ္မာဟာ သုတ္တံကနေ မြစ်ဖျားခံတာဖြစ်လို့ ဒီအကြောင်းကို သုတ္တံတွေမှာ ရှာဖွေပြီး အဖြေထုတ်နိုင်ပါတယ်။ မဇ္စျိမနိကာယ်၊ ဥပက္ကိလေသသုတ္တံ (မ၊၃၊၂၀၁) မှာ မြတ်စွာဘုရားက အရှင်အနုရုဒ္ဓါကို သူဘုရားမဖြစ်ခင် ဘုရားလောင်းဘဝက ကျင့်ခဲ့တဲ့ သမာဓိတွေအကြောင်း ဟောခဲ့ပါတယ်။ အသင်္ခတသံယုတ် (သံ၊၂၊၅၃၅) မှာ ဒီသမာဓိသုံးမျိုးကို နိဗ္ဗာန်ရောက်ကြောင်း ကျင့်စဥ်အဖြစ် ဟောကြားထားတာလည်း တွေ့ရပါတယ်။ ဒီသုတ္တန်တွေကို လေ့လာလိုက်ရင် အဘိဓမ္မာက ပြောတဲ့ စျာန်းငါးပါးဆိုတာ အဖြေထုတ်နိုင်သွားပါလိမ့်မယ်။
၁။ သဝိတက္ကသဝိစာရ သမာဓိ (ဝိတက်၊ ဝိစာရနှင့် တကွဖြစ်သော သမာဓိ၊ ပထမစျာန်)
၂။ အဝိတက္ကသဝိစာရ သမာဓိ (ဝိတက်ကား မရှိ၊ ဝိစာရမျှသာ ရှိသော သမာဓိ၊ ဒုတိယစျာန်)
၃။ အဝိတက္ကအဝိစာရ သမာဓိ (ဝိတက်လည်း မရှိ၊ ဝိစာရလည်း မရှိသော သမာဓိ၊ တတိယစျာန် စသည်များ)
အပေါ်က သုတ္တံတွေမှာ ဟောကြားထားတာတွေကို အခြေခံပြီး ဓမ္မသင်္ဂဏီပါဠိတော် (အဘိ၊၁၊၄၇) မှာ စျာန်ငါးပါးဆိုပြီး ဖြစ်လာခဲ့တာပါ။ အဘိဓမ္မတ္ထသင်္ဂဟကျမ်း (သင်္ဂြိုဟ်) က စိတ် (၈၉) ပါးကို ပြဆိုတဲ့အခါ စျာန်းငါးပါး (ပဥ္စကနည်း) ကိုပဲ ယူလိုက်တော့ အများစုက စျာန်ဆိုရင် စျာန်ငါးပါးလို့ပဲ နားလည်လိုက်ကြပါတော့တယ်။
အမှန်တကယ်တော့ အဘိဓမ္မာကျမ်းရင်းကြီးတွေမှာတောင် ရူပါဝစရစျာန်လေးပါးကိုပဲ အဓိကထားပြီး ပြဆိုလေ့ရှိတာ တွေ့ရပါတယ်။ ဝိသုဒ္ဓိမဂ်မှာလည်း စျာန်တွေကို ဖွင့်ဆိုတဲ့အခါ စျာန်လေးပါးနည်း (စတုက္ကနယ) ကိုပဲ အခြေခံပြီး ဖွင့်ဆိုထားပါတယ်။ စျာန်ငါးပါးနည်း (ပဥ္စကနယ) ကိုတော့ မှတ်စုအတိုလေးနဲ့ပဲ ရှင်းပြခဲ့တာ တွေ့ရတယ်။ သင်္ဂြိုဟ်မှာတောင် ဘုံစဥ်တွေပြတဲ့အခါ စျာန်လေးနဲ့ပဲ ရှင်းပါတယ်။ စိတ်ပိုင်း ရူပါဝစရစိတ်တွေအကြောင်း ပြောမှသာ စျာန်ငါးပါးနဲ့ ပြဆိုခြင်း ဖြစ်ပါတယ်။ အဘိဓမ္မာဆိုတာက ယေဘုယျအားဖြင့် ရနိုင်သမျှကို သိမ်းကြုံးယူတတ်တာဖြစ်လို့ စျာန်လေးပါးကို မယူဘဲ ပိုပြီး ပြည့်စုံတဲ့ စျာန်းငါးပါးကိုပဲ ယူခြင်း ဖြစ်မယ်လို့ ယူဆရတယ်။
မှတ်ချက်။ ။ အထောက်အထား (သို့မဟုတ်) အယူအဆ မှားတာရှိရင် အပြစ်မယူဘဲ ဝေဖန်ထောက်ပြကြဖို့ မေတ္တာရပ်ခံပါတယ်။
“Anuruddha, I developed concentration with thought (vitakka) and examination (vicara);
I developed concentration without thought but with examination only;
See also: DN 33.1.10; MN 31; AN 8:63; SN 43:3)
Bhikkhu Bodhi’s AN note 1765 of AN 8:63
No comments:
Post a Comment