Monday, July 28, 2025

အကြိုက်ဆုံး နတ်ပြည်

  • နတ်ပြည် (၆) ထပ်ရှိတာ အများစု သိကြပါတယ်။ အဓိကအကြောင်းအရာကို မပြောခင် နတ်ပြည် (၆) ထပ်အကြောင်း နည်းနည်းပါးပါး ပြောပြချင်ပါတယ်။
  1. စတုမဟာရာဇ်နတ်ပြည် (စတုမဟာရာဇိကာ) ဆိုတာ နတ်မင်းကြီးလေးပါး (သို့မဟုတ်) နတ်စစ်သူကြီးလေးပါး ခွဲပြီး စီမံအုပ်ချုပ်ကြတဲ့ နတ်ပြည် ဖြစ်ပါတယ်။ သူတို့လက်အောက်မှာ နတ်စစ်သားတွေ ရှိကြတယ်။ သူတို့ရဲ့ အကြီးအမှူးက သိကြားမင်းဖြစ်တယ်။ သိကြားမင်းနေတဲ့ တာဝတိံသာပြည်ရဲ့ လုံခြုံရေးကို အဓိက တာဝန်ယူကြရတယ်။ လိုအပ်ရင် သိကြားမင်းအတွက် စစ်တိုက်ပေးကြရပါတယ်။ တန်ခိုးအာဏာ ထွားပေမဲ့ ထားရာနေ စေရာသွားရသူတွေနေတဲ့ နတ်ပြည်ဆိုပါတော့။
  2. တာဝတိံသာနတ်ပြည်ဟာ နတ်မင်းကြီး (၃၃) ယောက် နေတဲ့နတ်ပြည်လို့ အဓိပ္ပါယ်ရပါတယ်။ မြင်းမိုရ်တောင်ထိပ်မှာ ရှိလို့ လူ့ပြည်တည်ရှိတဲ့ မြေကြီးနဲ့ ဆက်စပ်နေပါတယ်။ သူတော်ကောင်းတွေ ဒုက္ခတွေ့ပြီဆိုရင် သိကြားမင်း ဆင်းလာပြီး ကူပေးတယ်လို့ ဆိုပါတယ်။ နတ်စည်းစိမ်တွေ၊ ဥယျာဥ်ပန်းမာလ်တွေ၊ ခမ်းနားထည်ဝါတဲ့ ဗိမာန်ကြီးတွေ၊ ငြိမ့်ညောင်းသံသာ နတ်တူရိယာတွေနဲ့ ပျော်စရာ အလွန်ကောင်းတယ်လို့ ဆိုပါတယ်။
  3. ယာမာနတ်ပြည်ဆိုတာ ဆင်းရဲဒုက္ခအဝဝတို့ကနေ ကင်းလွတ်တဲ့ နတ်ပြည်လို့ အဓိပ္ပါယ်ရပါတယ်။ ဒီဘုံမှာနေတဲ့ နတ်တွေဟာ ပူပန်ထန်ပြင်း ဆင်းရဲခြင်းတွေကနေ ကင်းလွတ်ပြီး နတ်စည်းစိမ်ကို ပြည့်ပြည့်ဝဝ ခံစားကြရတယ်လို့ ဆိုပါတယ်။ တာဝတိံသာနတ်ပြည်ဟာ မြင်းမိုရ်တောင်ထိပ်ဆိုတဲ့  မြေပေါ်မှာ တည်ရှိတဲ့ ဘူမဋ္ဌကဘုံ၊ အဲ့ဒီမြေပြင်နဲ့ တပြေးညီ ကောင်းကင်တွေမှာ တည်ရှိတဲ့ အာကာသဋ္ဌဘုံဆိုပြီး နှစ်မျိုးရောနေတဲ့ ဘုံဖြစ်ပါတယ်။ လူတွေနဲ့ စပ်ဆက်နေလို့ လူသိများ ထင်ရှားပါတယ်။ ယာမာနတ်ပြည်ကတော့ မြေနဲ့ မစပ်ဘဲ ကောင်းကင်ပြင်မှာပဲ တည်နေတဲ့ အာကာသဋ္ဌနတ်ဘုံဖြစ်လို့ လူတွေနဲ့ ရောထွေးယှက်တင် မရှိဘူးလို့ ပြောရမှာပေါ့။ ဒါ့ကြောင့်လည်း လူသိနည်းသလို ပြဿနာလည်း နည်းတယ်လို့ ဆိုနိုင်ပါတယ်။ 
  4. တုသိတာနတ်ပြည်ဟာ အမြဲမပျက် နှစ်သက်ပျော်ရွှင်နေတဲ့ နတ်တွေရဲ့ နေရာလို့ အဓိပ္ပါယ်ရပါတယ်။ တုသိတာနတ်တွေမှာ ကြီးကျယ်များပြားတဲ့ နတ်စည်းစိမ်ချမ်းသာတွေ ရှိကြတယ်။ သူတို့ကိုယ်ပိုင် ဘုံဗိမာန်၊ အခြံအရံပရိသက်၊ နတ်စည်းစိမ်တွေကို အမြဲတစေ သဘောကျနှစ်သက်နေသူတွေ၊ အမြဲပျော်ရွှင်နေသူတွေ ဖြစ်တယ်။ ဘုရားလောင်းမှန်သမျှဟာ ဘုရားဖြစ်ဖို့ လူအဖြစ်ပဋိသန္ဓေ မယူမီ ဒီဘုံမှာ စံတော်မူကြတယ်လို့ ဆိုပါတယ်။  
  5. နိမ္မာနရတိနတ်ပြည်ဆိုတာ မိမိကိုယ်တိုင် ဖန်ဆင်းထားတဲ့ စည်းစိမ်နဲ့ မွှေ့လျော်ပျော်ပါးကြတဲ့ နတ်တွေရဲ့ နေရာလို့ အဓိပ္ပါယ်ရပါတယ်။ ဒီနတ်ပြည််မှာ ပင်ကိုယ်အားဖြင့် အောက်နတ်ပြည်တွေထက် နတ်စည်းစိမ်တွေ ကြီးကျယ်ကြတယ်။ ရှိပြီးသား စည်းစိမ်ထက် ပိုပြီးခံစားချင်တဲ့အခါ မိမိတို့ကိုယ်တိုင် ဖန်ဆင်းပြီး ခံစားကြတယ်လို့ ဆိုပါတယ်။ ကိုယ်စားချင်တာ စား၊ ကိုယ်ဝတ်ချင်တာ ဝယ်၊ ကိုယ်သွားချင်တဲ့ ခရီးကို ထွက်၊ ကိုယ်လိုချင်တဲ့ ဘဝကို ဖန်တီးနိုင်တဲ့ လူလက်တန်းစားတွေနဲ့ တူမှာပေါ့။ 
  6. ပရနိမ္မိတဝသဝတ္တိနတ်ပြည်ဆိုတာ သူများဖန်ဆင်းပေးတဲ့ စည်းစိမ်ဥစ္စာတွေကို ခံစားစံစားတဲ့ နတ်တွေနေတဲ့ နတ်ပြည်လို့ အဓိပ္ပါယ်ရပါတယ်။ မိမိတို့ အလိုကိုသိပြီး အလုပ်အကျွေးဖြစ်တဲ့ နတ်သမီး၊ နတ်သားတွေက အဆင်သင့် ဖန်ဆင်းပေးထားတဲ့ စည်းစိမ်ချမ်းသာတွေကို ခံစားရလို့ မိမိအလိုအတိုင်း ဖြစ်စေတတ်တဲ့ နတ်တွေရဲ့ ဘုံဌာန ဖြစ်ပါတယ်။ အစေခံပေါင်းများစွာရှိပြီး သူတို့ ပြင်ဆင်ပေးတဲ့ အရာတွေကို အခန့်သား ခံစားစံစားကြတဲ့ စည်းစိမ်ရှင် သူဋ္ဌေးတွေနဲ့ တူမှာပေါ့။ "ဝသဝတ္တိနတ်ပြည်က နတ်သမီးလေးလို လှပါတယ်ဗျ၊ သင်္ကြန်မယ်လေးတွေ ကပါတယ်ဗျ" လို့ သင်္ကြန်သီချင်းတွေမှာ စပ်ဆိုခံရတဲ့ နတ်ပြည်ပေါ့။ ဒီနတ်ပြည်မှာ တန်ခိုးကြီးလှပါတယ်ဆိုတဲ့ မာရ်နတ်ကြီးလည်း နေပါတယ်။
  • နတ်ပြည်အားလုံးဟာ သူ့နည်းသူ့ဟန်နဲ့သူ ကောင်းကြပါတယ်။ ပိုပြီးကောင်းတဲ့ အထက်နတ်ပြည်တွေမှာ ဖြစ်ချင်ကြပေမဲ့ ကိုယ့်ကုသိုလ်နဲ့ ထိုက်တန်တဲ့ ဘုံဘဝကိုပဲ ရကြတာပါပဲ။ မြတ်စွာဘုရားကတော့ ဒါနနဲ့ သီလ မြဲတဲ့သူတွေဟာ ကိုယ့်စိတ်ကြိုက် နတ်ပြည်ကို ရွေးလို့ရကြောင်း ဟောတော်မူခဲ့ပါတယ်။
  • ဆရာတော်ကြီးတချို့ဟာ သူတို့ပြန်တော်မူသွားရင် သုတိတာနတ်ပြည်မှာ နတ်ဖြစ်ဖို့ ဆန္ဒရှိကြကြောင်း မှတ်သားရဖူးတယ်။ ဘုရားလောင်းတွေ နေတဲ့နတ်ပြည် ဖြစ်လို့ရယ်၊ တရားဟောတဲ့ ဓမ္မကထိကနတ်တွေ ရှိလို့ရယ် ဖြစ်ပါတယ်တဲ့။ တုသိတာမှာ တရားနာရင်း အဓိမေတ္တေယျဘုရားရှင် ပွင့်တော်မူချိန်ကို စောင့်ဆိုင်းချင်ကြဟန် တူပါတယ်။ သူတို့ကိုယ်တိုင် နတ်ပြည်မှာ သက်သောင့်သက်သာနေရင်း ဓမ္မကထိကနတ် ဖြစ်ချင်ကြတာလည်း ပါမှာပေါ့။ 
  • မိမိအနေနဲ့ကတော့ ရှေးကဆရာတော်ကြီးတွေလို မဟုတ်ဘဲ တုသိတာနတ်ပြည်ကို ကြိုက်ရတဲ့ အဓိကအချက်တစ်ခု ရှိပါတယ်။ တုသိတာဆိုတာ အမြဲတမ်း ပျော်ရွှင်နေတဲ့ နတ်တွေရဲ့ နတ်ပြည်ဖြစ်တယ်။ တုသိတာနတ်တွေဟာ သူတို့မှာရှိတဲ့ နတ်ဗိမာန်၊ နတ်အခြွေအရံပရိသတ်စတဲ့ စည်းစိမ်ချမ်းသာတွေနဲ့ အမြဲတစေ နှစ်သက်ရွှင်လန်း ပျော်ရွှင်နေကြတယ်လို့ ဆိုပါတယ်။ ကိုယ့်မှာရှိတာလေးတွေနဲ့ ကျေနပ်နှစ်သက်တဲ့ စိတ်ထားရှိသူတွေရဲ့ နေရာဖြစ်လို့ တုသိတာနတ်ပြည်ကို အကြိုက်ဆုံးလို့ ဆိုခြင်း ဖြစ်ပါတယ်။ 
  • လူအများစု မပျော်မရွှင် ဖြစ်ကြရတဲ့ အဓိကအကြောင်းက ကိုယ့်မှာရှိတာလေးတွေနဲ့ မကျေနပ်နိုင်ကြဘဲ လိုချင်တာတွေ၊​ ဖြစ်ချင်တာတွေ အတောမသက်နိုင်အောင် များပြားနေလို့ ဖြစ်မယ်ထင်ပါတယ်။ 
  • ကိုယ့်ဖုန်းက ကောင်းနေသေးပေမဲ့ နောက်ဆုံးပေါ်ဖုန်းနောက်လိုက်ရင်း အကြွေးတွေနဲ့ စိတ်ဆင်းရဲနေသူတွေ ရှိမယ်။ နောက်ဆုံးပေါ်ဖုန်းရဖို့အရေး ကိုယ်ခန္ဓာကို ပေးလိုက်ကြတဲ့ အမျိုးသမီးလေးတွေတောင် ရှိတယ်လို့ ဖတ်လိုက်ရတယ်။ ရည်စားတစ်ယောက်နဲ့ မတင်းတိမ်နိုင်လို့ ရည်စားတွေ အများကြီးထားရင်း ပြဿနာပေါင်းစုံ တက်ပြီး စိတ်ဓာတ်ကျနေသူတွေ ရှိတယ်။ အိမ်ထောင်ရှိပါရဲ့နဲ့ ကိုယ့်အိမ်ထောင်ဖက်နဲ့ မကျေနပ်နိုင်ဘဲ တခြားသူတွေနဲ့ ဖောက်ပြန်ရင်း မိသားစု ပြိုကွဲသွားသူတွေ ရှိတယ်။ 
  • အိမ်တစ်လုံး၊ ကျောင်းတိုက်တစ်ခုတည်းနဲ့ လုံလောက်ပါရဲ့နဲ့ မလိုအပ်ဘဲ အိမ်တွေ အများကြီးဆောက်၊ ကျောင်းတိုက်တွေ အများကြီး ခွဲထောင်နေကြလို့ ဝန်တွေပိပြီး စိတ်ဆင်းရဲနေကြတဲ့ လူတွေ၊ ဘုန်းကြီးတွေ ရှိတယ်။ ကိုယ်နဲ့ ထိုက်တန်တဲ့ ရာထူးအာဏာနဲ့ မကျေနပ်နိုင်ဘဲ ကိုယ်နဲ့ မထိုက်တန်တဲ့ ရာထူးအာဏာကို အတင်းအဓမ္မ လုယူလိုက်တဲ့အတွက် ကိုယ်မလိုချင်တာတွေ ရလိုက်တဲ့ လူတွေရှိမယ်။ ဆရာအောင်သင်း ပြောခဲ့သလို လိုချင်တာတွေကိုယူရင်း ကိုယ်မလိုချင်တာတွေ ရနေတဲ့သူတွေပေါ့။
  • မင်္ဂလသုတ်မှာ မြတ်စွာဘုရားမြတ်က ရောင့်ရဲမှု (သန္တုဋ္ဌိ) ဆိုတာ မင်္ဂလာတစ်ပါးဖြစ်ကြောင်း ဟောတော်မူခဲ့ပါတယ်။ သန္တုဋ္ဌိ (သံ + တုဋ္ဌိ) ဆိုတာ "ကောင်းစွာ နှစ်သက်ခြင်း" လို့ အဓိပ္ပါယ်ရတယ်။ ကိုယ့်ရှိနေတာကို နှစ်သက်နေရင် ကျေနပ်လာတယ်။ ကျေနပ်ရင် ကိုယ့်ရဲ့ဖြစ်တည်မှုကို လက်ခံလာတယ်။ ကိုယ့်ရှိတာလေးနဲ့ ကျေနပ်နှစ်သက် ရောင့်ရဲတင်းတိမ်နေသူဟာ ပျော်ရွှင်သူအစစ် ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း မြတ်စွာဘုရားက "ရောင့်ရဲမှုဟာ အမြတ်ဆုံးသော စည်းစိမ်ဥစ္စာ ဖြစ်တယ်" လို့ ဟောတော်မူခဲ့ခြင်း ဖြစ်ပါတယ်။
  • ကိုယ့်မှာရှိတဲ့ ဖုန်းလေး၊ ကွန်ပျူတာလေးနဲ့ ကျေနပ်နေရင် အသစ်ဘယ်လောက်ထွက်ထွက် စိတ်ထဲမှာ လိုချင်တဲ့စိတ်နဲ့ မယိုးမရွ မဖြစ်တော့ဘူး။​  ကိုယ့်မှာရှိတဲ့ အဝတ်အစားလေးတွေကို သဘောကျ နှစ်သက်နေသူ တစ်ယောက်အတွက် ကိုယ့်သူငယ်ချင်းက တန်ဖိုးကြီးအဝတ်အစားတွေ ထည်လဲဝတ်နေရင်တောင် မနာလိုစိတ်တွေ မဝင်တော့ဘူး။ သူနဲ့ဖက်ပြီး ဂုဏ်တုဂုဏ်ပြိုင်လည်း လုပ်စရာ အကြောင်းမရှိတော့ဘူး။ 
  • ကိုယ့်အိမ်လေးကို ကြည့်ပြီး သဘောကျ နှစ်သက်နေသူတစ်ယောက်အတွက် ဘေးက အိမ်ကြီးအိမ်ကောင်းတွေနဲ့ ယှည်ပြီး သိမ်ငယ်စိတ်တွေ မဝင်တော့ဘူး။ ကိုယ့်အိမ်လေး၊ ကိုယ့်ဧည့်ခန်းလေးနဲ့ ကိုယ်မီးဖိုချောင်လေးကို ကြည့်ပြီး ကျေနပ်နှစ်သက်နေလိမ့်မယ်။ သူများနဲ့ နှိုင်းတဲ့ မာနတွေ မရှိတဲ့အတွက် ကိုယ့်ထက်နိမ့်သူရော ကိုယ့်ထက်သာသူပါ ကိုယ့်ကို ချစ်ခင်ကြလိမ့်မယ်။
  • ကိုယ့်အိမ်ထောင်ဖက်ကို တန်ဖိုးထားပြီး ပျော်အောင်ထားတဲ့သူတစ်ဦးအနေနဲ့ အိမ်ထောင်ဖက်အပေါ်မှာ သစ္စာရှိလာမယ်။ တခြားသူတွေနဲ့ ဖောက်ပြန်မှု မရှိတော့ဘူး။ ကိုယ့်မိသားစုလေးနဲ့ နေရတာကိုပဲ ပျော်ရွှင်ကျေနပ်နေသူတစ်ဦးဟာ သန္တုဋ္ဌိဆိုတဲ့ ရောင့်ရဲသူဖြစ်တဲ့အပြင် သီလနဲ့ ပြည့်စုံသူလည်း ဖြစ်သွားတယ်။
  • ဘုန်းကြီးတစ်ပါးအနေနဲ့ဆိုရင် လှူတာ ဘုန်းပေးပြီး ရှိတာလေးနဲ့ ကျေနပ်နှစ်သက်တဲ့ စိတ်ထားရှိဖို့ ပိုပြီးတောင် အရေးကြီးပါတယ်။ ဒါမှလည်း ဒုက္ခတွေ တဖြည်းဖြည်း နည်းလာမှာ ဖြစ်ပါတယ်။ ဘုန်းကြီးတွေ စောင့်ထိန်းရတဲ့ သိက္ခာပုဒ်တွေဆိုတာကလည်း အတတ်နိုင်ဆုံး ခြိုးခြံချွေတာဖို့၊​ အာရုံတွေနောက် မလိုက်ဘဲ စိတ်ကို ထိန်းချုပ်ဖို့၊ လိုချင်တဲ့ လောဘတွေ လျော့ဖို့နဲ့ မကျေနပ်ချက် ဒေါသတွေ လျော့ဖို့ပဲ မဟုတ်လား။
  • တုသိတာနတ်ပြည်ကို သဘောကျမိတာက ကိုယ့်မှာ ရှိနေတာလေးတွေကို တန်ဖိုးထားတဲ့စိတ်နဲ့ ကိုယ်ပိုင်ဆိုင်လေးတွေကို ကျေနပ်နှစ်သက်နေတဲ့ စိတ်ထားကြောင့်ပါ။ နတ်ပြည်ခြောက်ထပ်ထဲက တစ်ဘုံကို ရွေးရမယ်ဆိုရင် အပေါ်မှာ သူ့ထက်ကောင်းတဲ့ နတ်ပြည်နှစ်ထပ် ရှိနေသေးပေမဲ့ တုသိတာနတ်ပြည်ကိုပဲ ရွေးချယ်မိမှာပါပဲ။ 
  • မှတ်ချက်။        ။ ရဟန်းတစ်ပါးအတွက် နတ်ပြည်ဟာ မေထုန်ငယ် (၇) ပါးထဲက တစ်ပါးဖြစ်လို့ နတ်ပြည်ရောက်ဖို့ သမဏအကျင့်ကို မကျင့်သင့်ပါကြောင်း၊ ဒီနေရာမှာ ကိုယ့်အကြိုက်လို့ ပြောတာက ကိုယ့်အတွက် ရည်ရွယ်ပြီး ပြောခြင်းမဟုတ်ဘဲ ဗုဒ္ဓဘာသာဝင်သူတော်စင်များအတွက်သာ ရည်ရွယ်ပြီး ပြောခြင်း ဖြစ်ပါကြောင်း၊ အထူးသဖြင့် "တပည့်တော်ကို နတ်ပြည်ပို့ပေးပါ" လို့ ပြောခဲ့ဖူးတဲ့ ကျေးဇူးရှင် ဒကာကြီးတစ်ဦးအတွက် ရည်ရွယ်ပြီး ရေးသားခြင်း ဖြစ်ပါကြောင်း ဖြောင့်ချက်ပေးပါရစေ။

  • နတ်ပြည် (၆) ထပ်အကြောင်း အကျယ်တဝင့် သိချင်ရင်တော့ အောက်က စာအုပ်နှစ်အုပ်ကို ဖတ်သင့်ကြောင်း ညွှန်းဆိုချင်ပါတယ်။

ကျမ်းကိုးစာရင်း
  1. ဗုဒ္ဓအဘိဓမ္မာမဟာနိဒါန်း
  2. သင်္ဂြိုဟ်ဘာသာဋီကာ

  • အင်္ဂလိပ်လိုသင်တဲ့ အဘိဓမ္မာသင်တန်းမှာ ဝီထိမုတ်ပိုင်းကို သင်တော့ ၃၁ ဘုံအကြောင်းတွေ ပါလာတယ်။ ၃၁ ဘုံအကြောင်း သင်ပြီးအချိန်မှာ ဒကာတစ်ယောက် သီးသန့်လာပြီး ဆွေးနွေးတယ်။ ဗုဒ္ဓဘာသာမှာ ငရဲအကြောင်း ပြောတာက များပြီး နတ်ပြည်အကြောင်း ပြောတာက နည်းတယ်တဲ့။ သူက မဟာယာနနောက်ခံကနေ လာတော့ သူပြောတာက အများစုကို ခြုံပြောပုံ ရပါတယ်။ သူပြောတာလည်း အနည်းနဲ့ များတော့ မှန်နေတာပဲ။ သူက စာရေးကောင်းသူဆိုတော့ နတ်ပြည်အကြောင်း ခင်ဗျားရေးမလား၊ ဦးဇင်း အချက်အလက်တွေ စုပေးမယ်လို့ ပြောဖြစ်တယ်။ စိတ်ဝင်စားမှုတော့ ရှိတယ်။ တကယ် ရေး၊ မရေး မသိရပေမဲ့ ကိုဗစ်ကာလမှာ ဆုံးသွားလို့ အကောင်အထည် မဖော်ဖြစ်လိုက်ရှာဘူး။ 


No comments:

Post a Comment