Friday, February 14, 2025

ဘုရားနဲ့ ရဟန္တာ ဘာကွာလဲ


မြတ်စွာဘုရားဟာ ရဟန္တာတစ်ပါးဖြစ်တယ်လို့ ပြောရင် အများစုက အံ့ဩကြမယ် ထင်ပါတယ်။ ပါဠိတော်အထောက်အထားအချို့နဲ့ ရှင်းပြပါရစေ။ ဘုရားဟောတရားတော်တွေကို မှန်မှန်ကန်ကန် နားလည်သဘောပေါက်ဖို့က အင်မတန် အရေးကြီးပါတယ်။ ပါဠိတော်မှာပါတဲ့ ရဟန္တာရဲ့သဘောကို နားလည်မယ်ဆိုရင် ထေရဝါဒနဲ့ မဟာယာနဂိုဏ်းတွေရဲ့ အရေးကြီးတဲ့ အယူအဆတစ်ခုကိုလည်း ရှင်းရှင်းလင်းလင်း မြင်သွားမှာ ဖြစ်ပါတယ်။ 

ဗုဒ္ဓဘာသာဝင်တွေ အမြဲတမ်းရွတ်ဆိုနေကြတဲ့ "နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ" ဆိုတဲ့ ပါဠိတော်မှာ "အရဟတော" ဆိုတဲ့ ပုဒ်က မြတ်စွာဘုရားဟာ ရဟန္တာဖြစ်အကြောင်း ပြဆိုနေပါတယ်။ မြတ်စွာဘုရား တရားဦးဒေသနာတော်ကို ဟောဖို့ ဗာရာဏသီကို သွားတဲ့အခါ လမ်းမှာ ဥပကတက္ကတွန်းနဲ့ တွေ့ခဲ့ပါတယ်။ ဥပကရဲ့ သင်ဘယ်သူလဲဆိုတဲ့အမေးကို မြတ်စွာဘုရား ပြန်လည်ဖြေကြားခဲ့တဲ့ စကားစုထဲမှာ "အဟံ ဟိ အရဟာ လောကေ" (မ၊၁၊၂၂၇) ဆိုပြီး ပါပါတယ်။ "မှန်တယ်၊ ငါဟာ လောကမှာ ရဟန္တာတစ်ပါး ဖြစ်တယ်" လို့ အဓိပ္ပါယ်ရပါတယ်။

အနတ္တလက္ခဏသုတ်ကို နာကြားပြီး ပဥ္စဝဂ္ဂီငါးဦးလုံး အာသဝေါကုန်ခမ်းပြီး ရဟန္တာဖြစ်သွားကြတယ်။ ဒါကို ဝိနည်း မဟာဝဂ္ဂပါဠိတော် (ဝိ၊၃၊၂၀) မှာ "တေန ခေါ ပန သမယေန ဆ လောကေ အရဟန္တော ဟောန္တိ" လို့ ဆိုထားပါတယ်။  "ထိုအခါ လောက၌ ရဟန္တာခြောက်ပါး ဖြစ်ကုန်၏" လို့ အဓိပ္ပါယ်ရပါတယ်။ ရဟန္တာခြောက်ပါးဆိုတာ မြတ်စွာဘုရားနဲ့ ပဥ္စဝဂ္ဂီငါးဦးတို့ကို ပြောတာပါ။

ဒါဆိုရင် ရဟန္တာဟာ ဘာလဲဆိုတာသိဖို့ အတော် အရေးကြီးသွားပါပြီ။ ရဟန္တာဆိုတာ "အရဟန္တ" ဆိုတဲ့ ပါဠိကနေ လာပါတယ်။ ဝိသုဒ္ဓိမဂ်အဋ္ဌကထာ (ပထမတွဲ၊၁၉၂) မှာတော့ အရဟန္တဆိုတဲ့ ပုဒ်ရဲ့အဓိပ္ပါယ်ကို ငါးမျိုး ဖွင့်ပြပါတယ်။ အဲ့ဒီငါးမျိုးလုံးကို တစ်ခုတည်း ခြုံငုံပြီး ပြောရမယ်ဆိုရင် "ကိလေသာတို့ကို အကြွင်းမဲ့ ပယ်သတ်ပြီးသူ" ဖြစ်ပါတယ်။ ရဟန္တာဖြစ်သွားပြီဆိုရင် စိတ်ကိုညစ်နွမ်းစေတဲ့ ကိလေသာအပူတွေ တစ်ရာရာခိုင်နှုန်း ကင်းစင်သွားပါတယ်။ မြတ်စွာဘုရားအပါအဝင် ရဟန္တာဖြစ်သွားကြတဲ့ သူတွေရဲ့သန္တာန်မှာ ကိလေသာအပူမီးတွေ မရှိတဲ့အတွက် "ဆိတ်ကွယ်ရာမှာတောင် မကောင်းမှုကို မလုပ်ကြသူ" တွေ ဖြစ်သွားပါတယ်။ မကောင်းမှုတွေကို မလုပ်ကြတာကြောင့် ရဟန္တာပုဂ္ဂိုလ်တွေဟာ "ပူဇော်အထူးကို ခံယူထိုက်သူ" တွေ ဖြစ်ကြပါတယ်။

သံယုတ်ပါဠိတော်၊ ပဝါရဏာသုတ္တံ (သံ၊၁၊၁၉၂)၊ သမ္မာသမ္ဗုဒ္ဓသုတ္တံ (သံ၊၂၊၅၄) စတဲ့ သုတ္တံတွေမှာ မြတ်စွာဘုရားနဲ့ တပည့်ဖြစ်သူ ရဟန္တာတို့ရဲ့ ကွဲပြားခြားနားချက်ကို ရိုးရိုးရှင်းရှင်း ပြဆိုထားပါတယ်။ မြတ်စွာဘုရားက မဂ္ဂင်ရှစ်ပါး ကျင့်စဥ်တရားကို ကိုယ်တိုင်ထိုးထွင်းသိမြင်ပြီး ကျင့်သုံးခဲ့သူ၊ စတင်ဟောကြားခဲ့သူ ဖြစ်တယ်။ ဒါ့ကြောင့် မြတ်စွာဘုရားကို "သမ္မာသမ္ဗုဒ္ဓ" "သစ္စာလေးပါးကို ကိုယ်တိုင်ထိုးထွင်းသိမြင်သူ" လို့ ခေါ်ဆိုခြင်း ဖြစ်ပါတယ်။ တပည့်သာဝကဖြစ်သူ ရဟန္တာကတော့ မြတ်စွာဘုရား ဟောကြားခဲ့တဲ့ မဂ္ဂင်ရှစ်တန် တရားမှန်ကို နာယူမှတ်သားပြီး လိုက်နာကျင့်ကြံသူဖြစ်ကြောင်း ဟောကြားထားပါတယ်။ "သာဝက" ဆိုတာ နာယူသူလို့ အဓိပ္ပါယ်ရပါတယ်။ ဘုရားရဟန္တာနဲ့ တပည့်ရဟန္တာတို့ရဲ့ ကွားခြားချက်က မြတ်စွာဘုရားက ဟောကြားသူဖြစ်ပြီး တပည့်သာဝက ရဟန္တာက နာယူသူ ဖြစ်ပါတယ်။ 

ပါဠိတော်မှာ မြတ်စွာဘုရား ဘုရားဖြစ်ပုံကို ပြတဲ့သုတ္တံတွေကို လေ့လာကြည့်မယ်ဆိုရင် ဘုရားဖြစ်တယ်ဆိုတာ သစ္စာလေးပါးကို ထိုးထွင်းသိမြင်ပြီး စိတ်က အာသဝတရားတွေကနေ လွတ်မြောက်သွားခြင်းဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သိမြင်လာပါလိမ့်မယ်။ မြတ်စွာဘုရားရဲ့ တပည့်သာဝကတွေ ရဟန္တာဖြစ်သွားတာကို ပါဠိတော်မှာ ပြဆိုတဲ့အခါမှာလည်း သူတို့စိတ်ဟာ ဘာကိုမှ စွဲလမ်းတွယ်တာမှု မရှိတော့ဘဲ အာသဝတရားတွေကနေ လွတ်မြောက်သွားတယ်လို့ပဲ ဆိုပါတယ်။ 

မြတ်စွာဘုရားအပါအဝင် ရဟန္တာတွေအားလုံးဟာ မဂ္ဂင်ရှစ်ပါးကို ကျင့်ပြီး သစ္စာလေးပါးကို ထိုးထွင်းသိမြင်သွားသူတွေ ဖြစ်ပါတယ်။ သစ္စာလေးပါးကို သိမြင်သွားတဲ့အတွက် ကိလေသာအပူမီး ငြိမ်းအေးသွားကြသူတွေ ဖြစ်ပါတယ်။ မြတ်စွာဘုရားနဲ့ ရဟန္တာပုဂ္ဂိုလ်များအားလုံး မျက်မှောက်ပြုတဲ့ နိဗ္ဗာန်က အတူတူ ဖြစ်ကြောင်းလည်း "အံ့ဖွယ်ရှစ်ဖြာ သာသနာ" ထဲက အံ့ဖွယ်တစ်ခုအနေနဲ့ မြတ်စွာဘုရားကိုယ်တိုင် ဟောတော်မူခဲ့ပါတယ် (ဝိ၊၄၊၄၂၃) (အံ၊၃၊၃၆)။ ဒီလောက်ဆိုရင် ဘုရားနဲ့ ရဟန္တာတို့ရဲ့ သဘာဝကို သိလောက်ပြီ ထင်ပါတယ်။

မဟာယာနတွေဟာ သူတို့ရဲ့ဝါဒကို မဟာယာန (ကြီးကျယ်တဲ့ယာဥ်) လို့ ဆိုပြီး ထေရဝါဒစတဲ့ ဗုဒ္ဓဘာသာဂိုဏ်းတွေကိုတော့ ဟီနယာန (သေးနုပ်တဲ့ယာဥ်) လို့ ရေးသားပြောဟောကြပါတယ်။ ယာန (ယာဥ်) ဆိုတာ နိဗ္ဗာန်အထိရောက်အောင် သယ်ယူပေးမယ့် ယာဥ်ပေါ့။ ၁၉၅၀ ခုနှစ်က သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့မှာ ကျင်းပခဲ့တဲ့ ဗုဒ္ဓဘာသာဝင်များညီလာခံက ထေရဝါဒဗုဒ္ဓဘာသာကို ဟီနယာနဗုဒ္ဓဘာသာအဖြစ် ပုံဖော်တာ၊ သုံးနှုန်းတာ မလုပ်ကြဖို့ အများသဘောတူ ဆုံးဖြတ်ချက် ချမှတ်ခဲ့ပါတယ်။ ဒါပေမယ့် တချို့မဟာယာနဗုဒ္ဓဘာသာဝင်တွေဟာ ထေရဝါဒကို ခုချိန်အထိ ဟီနယာနဗုဒ္ဓဘာသာအဖြစ် ပုံဖော်ပြောဆိုနေကြဆဲ ဖြစ်ပါတယ်။ 

မယာယာနရော ထေရဝါဒပါ အစွန်းရောက်နေတဲ့ ယုံကြည်ချက်တစ်ခု ရှိပါတယ်။ အဲ့ဒါကတော့ ဘုရားနဲ့ ရဟန္တာကို ခွဲခြားပြီး တသီးတသန့် မြင်နေကြခြင်း ဖြစ်ပါတယ်။ ဒီရဲ့အကျိုးဆက်က လူသားတွေနဲ့ မြတ်စွာဘုရားရဲ့ကြားမှာ တော်တော်လေး အလှမ်းကွာဝေးသွားခြင်း ဖြစ်ပါတယ်။ ပါဠိတော်ကို စေ့စေ့စပ်စပ် ကြည့်ရှုလေ့လာမယ်ဆိုရင် မြတ်စွာဘုရားကို အနီးကပ် ဖူးမြော်ကြည်ညိူပြီး တရားနာယူနိုင်ကြမှာ ဖြစ်ပါတယ်။ မြတ်စွာဘုရားရဲ့ ဂုဏ်တော် (၉) ပါးသည်ပင် ဘုရားကို အတုယူပြီး ကိုယ်တိုင်ကျင့်ကြံ လိုက်နာနိုင်တဲ့ အရည်အချင်းများဖြစ်ကြပါတယ်။ 

ထေရဝါဒ အဋ္ဌကထာတွေက မြတ်စွာဘုရားနဲ့ ရဟန္တာတွေကြားက ကွာဟချက်ကို ကြီးမားအောင်လုပ်လိုက်ကြပါတယ်။ ဒါ့ကြောင့် အများစုက မြတ်စွာဘုရားကိုယ်တိုင် ရဟန္တာပဲဆိုတာကို မေ့သွားကြပါတယ်။ 

မဟာယာနတွေကတော့ သူတို့ဟာ သတ္တဝါအားလုံးကို တစ်ယောက်မကျန် ကယ်တင်ပြီးမှသာ သမ္မာသမ္ဗုဒ္ဓဘုရားဖြစ်ဖို့ ဆုကြီးပန်ကြသူတွေ ဖြစ်တယ်၊ လက်ထဲရောက်နေတဲ့ နိဗ္ဗာန်ကိုတောင် စွန့်လွှတ်ပြီး သတ္တဝါအားလုံးကို ကယ်တင်ဖို့ ဘုရားလောင်း (ဗောဓိသတ္တ) လမ်းစဥ်ကို လိုက်နာကျင့်သုံးသူတွေ ဖြစ်တယ်လို့ ပြောဟောကြပါတယ်။ သူတို့အဆိုအရ ထေရဝါဒတွေဟာ မိမိလွတ်မြောက်မှုအတွက်ပဲ ကြိုးစားအားထုတ်တဲ့ ရဟန္တာလမ်းစဥ် (သို့မဟုတ်) သာဝကလမ်းစဥ်ကို လိုက်သူတွေဖြစ်လို့ မဟာယာနထက် တဆင့်နိမ့်တဲ့ ဟီနယာနဗုဒ္ဓဘာသာ ဖြစ်တယ်လို့ ပြောဟောကြပါတယ်။ ထေရဝါဒဗုဒ္ဓဘာသာဝင်တွေကို တကိုယ်ကောင်းဆန်သူတွေအဖြစ်လည်း စွပ်စွဲ တံဆိပ်ကပ်ကြပါတယ်။ ဒီလိုနဲ့ မဟာယာနတွေဟာလည်း ဘုရားနဲ့ ရဟန္တာတို့ရဲ့ အဆင့်အတန်းကို အထက်အောက် ခွဲခြားပြီး ယုံကြည်ကြလို့ အစွန်းတစ်ဖက်ကို နင်းသွားတယ်လို့ ဆိုနိုင်ပါတယ်။

အမှန်တကယ်ကတော့ ယာန (ယာဥ်) ဆိုတာ မဂ္ဂင်ရှစ်ပါးကို ပြောတာပါ။ မဂ္ဂင်ရှစ်ပါးတည်းဟူသော ယာဥ်ရှိသူ ယောက်ျားမိန်းမ မည်သူမဆို နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်မှာ ဖြစ်ကြောင်း သံယုတ်ပါဠိတော်၊ အစ္ဆရာသုတ် (သံ၊၁၊၃၀) မှာ ဘုရားကိုယ်တိုင် ဟောကြားထားပါတယ်။ မဂ္ဂင်ရှစ်ပါးမှာ ကြီးတယ်ငယ်တယ်ဆိုတာ မရှိပါဘူး။ ထေရဝါဒကော မဟာယာနပါ ဒီရှစ်ပါးကိုပဲ လိုက်နာကျင့်သုံးကြပါတယ်။ မြတ်စွာဘုရားက မဂ္ဂင်ရှစ်ပါးကို ဗြဟ္မယာန (မြင့်မြတ်သောယာဥ်)၊ ဓမ္မယာန (တရားယာဥ်) အဖြစ်လည်း သုံးနှုန်းဟောကြားခဲ့ပါသေးတယ် (သံ၊၃၊၅)။ 

မဂ္ဂင်ရှစ်ပါးကို ကျင့်ကြံပွားများရင် သစ္စာလေးပါးကို ထိုးထွင်းသိမြင်လာပါလိမ့်မယ်။ သစ္စာလေးပါးကို သိသွားသူရဲ့စိတ်ဟာ ဘယ်အရာကိုမှ စွဲလမ်းမှု မရှိတော့ဘဲ လွတ်မြောက်မှုဆိုတဲ့ နိဗ္ဗာန်ကို ရရှိသွားမှာ ဖြစ်ပါတယ်။ သစ္စာလေးပါးကို သိမြင်သွားသူဟာ အာသဝတရားတွေ ကုန်ခမ်းပြီး ရဟန္တာဖြစ်သွားမှာ ဖြစ်ပါတယ်။ ဗုဒ္ဓဆိုတာ သစ္စာလေးပါးကို သိမြင်သူဖြစ်ကြောင်း ပဋိသမ္ဘိဒါမဂ်ပါဠိတော် (၁၇၂) နဲ့ ဝိသုဒ္ဓိမဂ်အဋ္ဌကထာ (ပထမတွဲ၊၂၀၃) တို့က ဖွင့်ဆိုကြပါတယ်။ ဒါ့ကြောင့် ဗုဒ္ဓနဲ့ ရဟန္တာဆိုတာ အတူတူပဲ ဖြစ်တယ်လို့ ဆိုရမှာပါ။ နောက်ပိုင်း အဋ္ဌကထာအချို့က သမ္မာသမ္ဗုဒ္ဓ၊ ပစ္စေကဗုဒ္ဓ၊ သာဝကဗုဒ္ဓဆိုပြီး ဗုဒ္ဓသုံးမျိုးရှိကြောင်း ဖွင့်ဆိုလာကြပါတယ်။ 

မြတ်စွာဘုရား အပါအဝင် ရဟန္တာတွေအားလုံး ရဟန္တာဖြစ်သွားတဲ့အကြောင်းကို ဆိုတဲ့အခါတိုင်း ပါဠိတော်မှာ ပုံသေပြဆိုလေ့ရှိတဲ့ စကားစုတစ်ခု ရှိပါတယ်။ "ဝုသိတံ ဗြဟ္မစရိယံ၊ ကတံ ကရဏီယံ၊ နာပရံ ဣတ္ထတ္တာယ" ဆိုတဲ့ ပါဠိဖြစ်ပြီး "မြတ်သောအကျင့်ကို ကျင့်သုံးပြီး ဖြစ်တယ်၊ ပြုဖွယ်ကိစ္စမှန်သမျှကို လုပ်ဆောင်ပြီး ဖြစ်တယ်။ နောက်ထပ် လုပ်စရာ မရှိတော့ဘူး" လို့ အဓိပ္ပါယ်ရပါတယ်။ 

ထေရဝါဒကော မဟာယာနပါ မဂ္ဂင်ရှစ်ပါးဟာ နိဗ္ဗာန်ရောက်ကြောင်း အကျင့်ဖြစ်တယ်ဆိုတာ လက်ခံကြပါတယ်။ ဗြဟ္မယာန၊ ဓမ္မယာနဖြစ်တဲ့ မဂ္ဂင်ရှစ်ပါးကို ကျင့်ကြံသူတိုင်း သစ္စာလေးပါးကို သိမြင်ပြီး နိဗ္ဗာန်ဆိုတဲ့ အငြိမ်းဓာတ်ကို ရရှိခံစားရမှာ ဖြစ်ပါတယ်။ မဂ္ဂင်ရှစ်ပါးကို ကျင့်ကြံသူတိုင်း အာသဝတရားတွေ ကုန်ခမ်းပြီး ရဟန္တာဖြစ်နိုင်ကြပါတယ်။ ရဟန္တာဖြစ်ခြင်း၊ ဗုဒ္ဓဖြစ်ခြင်း (သို့မဟုတ်) နိဗ္ဗာန်ကို တစ်ရာရာခိုင်နှုန်း မျက်မှောက်ပြုခြင်းဟာ ဗုဒ္ဓဘာသာဝင်အားလုံးရဲ့ နောက်ဆုံးပန်းတိုင်ပဲ ဖြစ်ပါတယ်။ 

No comments:

Post a Comment