Thursday, July 24, 2025

ကိုယ်သာ ဝဋံသကာဘွဲ့ရှင်ဆိုရင်

ဒီလထဲ ဘုန်းကြီးစာမေးပွဲလောကမှာ ထူးထူးခြားခြား ဖြစ်စဥ်တစ်ခု ရှိခဲ့တယ်။ မန္တလေးသာသနဟိတအသင်းကြီးက ကျင်းပတဲ့ အဘိဝံသစာမေးပွဲမှာ နှစ်ပေါင်း ၃၉ နှစ်အတွင်း ဝဋံသကာဘွဲ့ရ ဆရာတော်တစ်ပါး ပေါ်ထွက်လာခဲ့တာပါ။ ဘုန်းကြီးစာမေးပွဲတွေထဲမှာ ဒုတိယအခက်ဆုံးလို့ ပြောလို့ရတဲ့ အဘိဝံသ စာမေးပွဲမှာ စာသင်တန်း၊ စာချတန်း နှစ်တန်းကို နှစ်မခြားဘဲ အောင်မြင်လို့ ဝဋံသကာဘွဲ့ ချီးမြင့်ခံရတာပါ။ ဝဋံသကာဆိုတာ ဦးဆောက်ပန်း (သို့မဟုတ်) ဦးစိုက်ပန်းလို့ အဓိပ္ပါယ်ရပါတယ်။ ဦးခေါင်းမှာ အမြတ်တနိုးပန်တဲ့ ပန်းပေါ့။ 

ဝဋံသကာဘွဲ့ရ ဆရာတော်လေးဟာ ခုမှ (၂၃) နှစ်ပဲ ရှိသေးတယ်ဆိုတော့ တော်တော်လေးကို ငယ်ပါသေးတယ်။ သူ့ရဲ့ အင်တာဗျူးနှစ်ခု ကြည့်လိုက်ရတယ်။ စိတ်ရှင်းပြီး အေးဆေးတည်ငြိမ်တယ်။ စကားကို ရိုးသားနှိမ့်ချစွာနဲ့ ပြောဆိုတတ်တာ တွေ့ရတယ်။ ကြည်ညိုစရာ ကောင်းပါတယ်။ အင်တာဗျူးမှာ ပြောဆိုသွားတဲ့ စကားအသွားအလာအရ တိပိဋကစာမေးပွဲကို ဆက်လက်ဖြေဆိုဦးမယ်လို့ နားလည်ရတယ်။ 

တိပိဋကစာမေးပွဲဟာ မြန်မာနိုင်ငံမှာ အခက်ခဲဆုံး စာမေးပွဲတစ်ခုဖြစ်ပါတယ်။ စာမျက်နှာပေါင်း ရှစ်ထောင်ခန့်ရှိတဲ့ ပါဠိတော်ကျမ်းစာအုပ် (၂၀) ကို အာဂုံပြန်ဆိုရတယ်။ ရေးဖြေမှာဆိုရင် ပါဠိတော်သာမက အဋ္ဌကထာ၊ ဋီကာတွေကိုပါ ဖြေဆိုရပါတယ်။ ၃၃ ရက် ဖြေဆိုရတဲ့အတွက် ကမ္ဘာပေါ်မှာ ရက်အရှည်ကြာဆုံး စာမေးပွဲကြီးဆိုပြီး ကြံဖန် ဂုဏ်ယူနေကြသူတွေလည်း ရှိပါတယ်။ 

ကိုယ့်အနေနဲ့ဆိုရင် တိပိဋကစာမေးပွဲဟာ ပေးဆပ်ရတာနဲ့ ပြန်ရတာ မတန်ဘူးလို့ ထင်မြင်မိတယ်။ အလုပ်လုပ်လို့ အကောင်းဆုံးအချိန်တွေကို စာတွေ လက်လွတ်ကျက်မှတ်ရင်း ကုန်ဆုံးသွားတယ်။ အများစုက အဆုံးထိ မလျောက်နိုင်ဘဲ လမ်းတစ်ဝက်နဲ့ လက်လျော့သွားကြတယ်။ ဒါ့ကြောင့်

ပြီးတဲ့သူ အများစုကလည်း တိပိဋကဘွဲ့ရတဲ့ အချိန်မှာ အသက် တော်တော်ရနေကြပြီ။ တိပိဋကဆရာတော်တွေထဲမှာ မင်းကွန်းဆရာတော်ကြီးကလွဲလို့ ထူးထူးခြားခြား လုပ်ပြနိုင်တာ မတွေ့မိဘူး။ ထူးထူးခြားခြားဆိုတာက သာသနာတော်မှာ အကျိုးများတဲ့ ကျမ်းစာတွေ ရေးတာ၊ ပါချုပ်ဆရာတော်ကြီးလို အများသူငါ ရိုးရိုးရှင်းရှင်း နားလည်အောင် တရားတွေ ဟောပြောနိုင်တာ၊ ပြည်တွင်းပြည်ပ သာသနာပြုတာ စတာတွေပေါ့။  

ကိုယ်ကတော့ ဝဋံသကာဘွဲ့ရသူဆိုရင် တိပိဋကစာမေးပွဲ ဝင်ရောက်ဖြေဆိုဖြစ်မှာ မဟုတ်ဘူး။

No comments:

Post a Comment